မြန်မာအလုပ်သမားများ၏ လိုအပ်ချက်များကို ကိုရီးယားအလုပ်ရှင်များနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးနေကြောင်း EPS ညီလာခံတွင် မြန်မာသံအမတ်ပြော

0
91

EPS စနစ်အကောင်အထည်ဖော်ခြင်း နှစ် (၂၀) ပြည့်အခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောကြားလိုက်ခြင်းဖြစ်သည်။

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၊ Lotte Hotel (Jamsil) ၌ ဩဂုတ်လ (၁၂) ရက် ကျင်းပပြုလုပ်သည့် Employment Permit System (EPS) စနစ် အကောင်အထည်ဖော်ခြင်း နှစ် (၂၀) ပြည့်အခမ်းအနားနှင့် ၂၀၂၄ ခုနှစ်၊ EPS ညီလာခံ (2024 EPS Conference) သို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က တက်ရောက်ခဲ့ပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ညီလာခံတွင် မြန်မာသံအမတ်ကြီးသည် လုပ်သားများ စေလွှတ်လျက်ရှိသည့် EPS အဖွဲ့ဝင်နိုင်ငံ (၁၇) နိုင်ငံမှ သံအမတ်ကြီးများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းညီလာခံကို ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာန နှင့် ကိုရီးယားလူ့အခွင့်အရေးဖွံ့ဖြိုးမှုဌာနတို့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီး Mr. Lee Jung Sik က အဖွင့်အမှာစကား ပြောကြားရာတွင် EPS စနစ်အား လုပ်သားစေလွှတ်သည့်နိုင်ငံများနှင့်အတူ အောင်မြင်စွာပူးပေါင်း အကောင်အထည်ဖော်ခဲ့သည်မှာ နှစ်ပေါင်း (၂၀) ရှိခဲ့ပြီဖြစ်ကြောင်း၊ စက်မှုကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍများ၌ နိုင်ငံခြားသားလုပ်သားခေါ်ယူမှု တိုးမြှင့်ခေါ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြားသား အလုပ်သမားများအား အခွင့်အရေး တန်းတူညီမျှ ရရှိစေရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

မြန်မာသံအမတ်ကြီး ဦးသန့်စင်က လုပ်ငန်းခွင်အတွင်း မလိုလားအပ်သည့် ထိခိုက်မှုများ လျော့နည်းစေရန် အလုပ်ရှင်နှင့် အလုပ်သမားတို့အတွက် အသိပညာပေးရေးအစီအစဉ်များ ပံ့ပိုးပေးခြင်း၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး မြန်မာသံရုံးမှ အလုပ်သမားများ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သတင်းအချက်အလက်များ ထောက်ပံ့ပေးခြင်းနှင့် အလုပ်သမားများ အိမ်ရှင်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာစေရေး အစဉ်အမြဲဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် သံအမတ်ကြီးမှ EPS စနစ်ဖြင့် အသစ်ရောက်လာသည့်လုပ်သားများကို အလုပ်သမားသံအရာရှိမှ လေဆိပ်တွင် ကြိုဆို၍ လုပ်ငန်းခွင်လုပ်ကိုင်မှုအခြေအနေများကို ရှင်းလင်းပြောကြားပေးကြောင်းကို ဆွေးနွေးခဲ့ပြီး မြန်မာအလုပ်သမားများ၏ လိုအပ်ချက်များကို ကိုရီးယားအလုပ်ရှင်များနှင့် အစဉ်အမြဲပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် လုပ်သားစေလွှတ်သည့် အေဂျင်စီများအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု လုပ်သားစေလွှတ်လျက်ရှိသည့် Public Oversea Employment Agency (POEA) မှ ဂုဏ်ပြုဆုလက်ခံရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here