သဘာဝဓာတ်ငွေ့သုံး စက်ရုံ(မြင်းခြံ)မှ စက်များကို ရပ်တန့်ထားရသဖြင့် မန္တလေးတိုင်းတွင် ယာယီဓာတ်အားပြတ်တောက်နေဦးမည်

0
244

နိုင်ငံတော် ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ် ပို့လွှတ်နေသော သဘာဝဓာတ်ငွေ့သုံး စက်ရုံ (မြင်းခြံ) ၏ စက်များကို အရေးပေါ်ရပ်တန့်ခဲ့ရသောကြောင့် မန္တလေးတိုင်းဒေသကြီးတွင် ယာယီလျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများဖြစ်‌ပေါ်နေဦးမည်ဖြစ်ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဩဂုတ် (၁၃) ရက် နေ့လယ်ပိုင်းက ထုတ်ပြန်သည်။

သဘာဝဓာတ်ငွေ့သုံး စက်ရုံ (မြင်းခြံ)၏ စက်များကို အရေးပေါ်ရပ်တန့်ခဲ့ရသောကြောင့် ဓာတ်အားစနစ်သို့ ထုတ်လုပ်ပို့လွှတ်မှု (၄၉၂၀)မဂ္ဂါဝပ်နာရီခန့် လျော့နည်းလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် သုံးစွဲဝန်အားထက် လျှော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးနေရကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်နိုင်မှု မရှိချိန် ကာလအတွင်း ဓာတ်အားစနစ် တည်ငြိမ်စေရန် ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အားဖြည့်တင်းခြင်း၊ အရေးပေါ်ဝန်အားထိန်းညှိ‌ခြင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် သုံးစွဲဝန်အားထက်လျော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်း၊ စက်မှုဇုန်နှင့် သံရည်ကျိုလုပ်ငန်းများအား ညပိုင်းတွင် ဓာတ်အားမပေးဘဲ ပြည်သူအား A, B,C အုပ်စုဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေကြောင်းနှင့် ယာယီဓာတ်အားပြတ်တောက်မှုများရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

Sembcorp သဘာဝဓာတ်အားသုံးစက်ရုံ (မြင်းခြံ)သည် ဩဂုတ် (၁၂) ရက်၊ နံနက် (၁၁) နာရီ မိနစ် (၂၀) အချိန်ခန့်မှစတင်ကာ စက်များ အရေးပေါ် ရပ်တန့်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိနယ်မြေ အခြေအနေများအရ ဓာတ်အားထုတ်လုပ်မှုကို ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး ဝန်ထမ်းများ၏ ဘေးကင်း လုံခြုံမှုသည် အဓိက ဦးစားပေးဖြစ်ကြောင်း၊ ယခုလို ယာယီရပ်ဆိုင်းရန် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း(EPGE)၏ ခွင့်ပြုချက်လည်း ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

အခြေအနေများ လုံခြုံတည်ငြိမ်သွားပါက လုပ်ငန်းများပြန်လည်စတင်သွားမည်ဖြစ်ကြောင်း စင်္ကာပူစွမ်းအင်ကုမ္ပဏီဖြစ်သည့် Sembcorp ဘက်မှလည်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here