ကျောင်းကုန်းမြို့နယ်တွင် ရေကြီး၍ ပိတ်ထားရသည့် ကျောင်းများအနက်မှ (၉၄)ကျောင်း ပြန်ဖွင့်

0
332

ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများအနက် စာသင်ကျောင်း (၉၄) ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ကျောင်းကုန်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းကုန်းမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒါးက မြစ်ရေ မြင့်တက်ခဲ့သဖြင့် စာသင်ကျောင်း (၁၃၆) ကျောင်းကို ယာယီပိတ်ထားခဲ့ရပြီး ဩဂုတ် (၁၃) ရက်တွင် (၉၄) ကျောင်းအထိ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် ကျောင်းကုန်းမြို့နယ်ရှိ အ.မ.က. ကျောင်း (၂၇) ကျောင်း၊ မူလွန် (၆)ကျောင်း၊ အ.လ.က.(ခွဲ) (၁)ကျောင်း၊ အ.လ.က. (၁) ကျောင်း၊ အ.ထ.က.(ခွဲ) (၃)ကျောင်းနှင့် အ. ထ.က. (၄)ကျောင်း စုစုပေါင်း (၄၂) ကျောင်း ပြန်လည် ဖွင့်လှစ်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

ဒါးကမြစ်ရေမှာ စိုးရိမ်ရေအမှတ် ပေ (၂၀) မှ ပြန်လည်ကျဆင်းလျက်ရှိရာ ဩဂုတ် (၁၃) ရက် နံနက်ပိုင်းတွင် (၃)ပေခန့် ကျဆင်းခဲ့သည်။

ဇူလိုင်လအတွင်း ဧရာဝတီတိုင်းဒေသကြီး၌ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် မြစ်ရေမှာ တဖြည်းဖြည်း မြင့်တက်ခဲ့ရာမှ စာသင်ကျောင်းများအတွင်း ရေဝင်ရောက်ခြင်း၊ ဆရာ/ ဆရာမများ၊ ကျောင်းသား / ကျောင်း သူများ သွားလာရာတွင် အခက်အခဲရှိခြင်း၊ အန္တရာယ်ရှိနိုင်ခြင်းတို့ကြောင့် ကျောင်းများ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျောင်းများ ပိတ်ထားရသည့် ရက်များတွင် မသင်ကြားခဲ့ရသည့် သင်ခန်းစာများ အခက်အခဲ မဖြစ်စေရန် အပတ်စဉ် တနင်္ဂနွေ/ ဥပုသ်နေ့များ ပြန်လည် အစားထိုး သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေများ မြင့်တက် ရေကြီး ရေလျှံမှုများကြောင့် အခြေခံပညာ ကျောင်းပေါင်း (၁၇၀၀)ကျော်အထိ ယာယီ ပိတ်ထားခဲ့ရပြီး လက်ရှိ ကျောင်းများကို သန့်ရှင်းပြုလုပ်ပြီး စိစစ်၍ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here