မြန်မာ့ ရွေးကောက်ပွဲကို တရုတ်ကူညီမည်

0
162

ရွေးကောက်ပွဲတွင် သက်ဆိုင်သူများ အားလုံးပါဝင်နိုင်ရေး တရုတ်နိုင်ငံခြားရေးဝန်ကြီး
တိုက်တွန်း

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲတွင် သက်ဆိုင်သူများ အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရေး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်းပြောကြားသည်။

ယနေ့ ဩဂုတ်(၁၄)ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ ပြုလုပ်သည့် တရုတ်- မြန်မာနှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲအတွင်း ဝမ်ယိက ထိုသို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲထောက်ခံအားပေးနေကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy )အပေါ် မြန်မာနိုင်ငံက အစဉ်တစိုက် ရပ်တည်ထောက်ခံအားပေးနေမှုအပေါ် တန်ဖိုးထားပါကြောင်း နှင့် နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အမြဲ ရပ်တည်ပေးလျက်ရှိကြောင်းပြောကြားသည်။

ထို့အတူ သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ လိုအပ်သည့် နည်းပညာကူညီမှုများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း လိုအပ်သည်များကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲတွင် သက်ဆိုင်သူများ အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရေး တိုက်တွန်းလိုကြောင်းဆွေးနွေးပြောကြားသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ နစက ဥက္ကဌဘက်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည့်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေး ယခုနှစ် အောက်တိုဘာလအတွင်း လူဦးရေနှင့် အိမ် အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူသွားမည့် အခြေအနေများကိုပြောကြားသည်။

ထို့နောက် ရွေးကောက်ပွဲ ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပါတီအားလုံးလွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးဆောင်ရွက်ပေးနေသည့်အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံအကြားစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူတာဝန်ရှိသူများနှင့် တရုတ်နိုင်ငံဘက်မှ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၊ အာရှရေးရာအထူးကိုယ်စားလှယ်၊သံအမတ်အသစ်တို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here