ဗဟိုဘဏ်မှ အတိုးနှုန်းများပြင်ဆင်သတ်မှတ်

0
400

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်းအား အထိုက်အလျောက်လျော့ကျစေရန်၊ ပြည်သူများအနေဖြင့် ဘဏ်အပ်နှံငွေပေါ်မှ အတိုးဝင်ငွေပိုမိုရရှိစေရန်၊ ဘဏ်များ၏ချေးငွေ ထုတ်ချေးနိုင်မှု ပိုမိုလာပြီးစီးပွားရေးတိုးတက်မှုအား အထောက်အကူပြုစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဗဟိုဘဏ်အတိုးနှုန်း၊ ဘဏ်များက အပ်ငွေများအပေါ်ပေးသည့်အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့်အတိုးနှုန်းများကို ပြင်ဆင်သတ်မှတ်ခဲ့သည်။

ဗဟိုဘဏ်အတိုးနှုန်းအား လက်ရှိ ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့် သတ်မှတ်ခဲ့ပြီး ဘဏ်များက အပ်ငွေများအပေါ်ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်း နှင့် ချေးငွေများအားလုံးအတွက်ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း သတ်မှတ်ခဲ့သည်။

ထို့ပြင် ဘဏ်များအနေဖြင့် မိမိတို့၏အမြတ်ရနိုင်စွမ်းနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရ အပ်ငွေ နှင့် ချေးငွေအတိုးနှုန်းများအား ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရန်ဖြစ်ပြီ နိုင်ငံတော်၏မူဝါဒအရ လက်ရှိထုတ်ချေးပေးလျက်ရှိသည့် အထူးချေးငွေများ၏ အတိုးနှုန်းများသည် ပြောင်းလဲမှုမရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခုအတိုးနှုန်းပြင်ဆင်ချက်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ လုပ်ငန်းရှင်များ၏အမြင်များကိုပေါ်ပြူလာနယူးစ်က မေးမြန်းထားရာ “ဘဏ်ထဲကိုငွေဝင်လာမယ့် အလားအလာပိုများလာနိုင်မယ်၊ဘဏ်ချေးငွေယူပြီး ငွေကစားမည့်သူတွေအတွက် အခွင့်အလမ်း နည်းသွားမယ်ထင်တယ်”ဟု တစ်ဦးကဆိုသည်။

ပြည်တွင်းရှိ နိုင်ငံခြားသားလုပ်ငန်းရှင်တစ်ဦးက “အပ်ငွေကို ပိုဆွဲဆောင်တဲ့အခါ 7% သို့မဟုတ် 9% အတိုးကဆွဲဆောင်ဖို့ လုံလောက်ပါ့မလားစောင့်ကြည့်ရဦးမယ်။ ဒေါ်လာကတော့နည်းနည်းကျသွားလိမ့်မယ်။ 15% ဒါမှမဟုတ်အဲ့ထက်ပိုရင်တော့သေချာပေါက်ဆွဲဆောင်နိုင်ပေမယ့် ငွေကြေးတည်ငြိမ်မှုနဲ့ လုံခြုံမှုကို ယုံကြည်စိတ်ချမှု ပေးဖို့က ပိုအရေးကြီးပါတယ်။နိုင်ငံခြားထွက်ပြေးချင်တဲ့မလုံခြုံတဲ့စိတ်မျိုးတွေ ဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေမကြုံရအောင် သတိထားပေးရင် အဆင်ပြေလာမှာပါ “ဟုဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here