ယခုနှစ်အတွင်း မိုးစပါးချေးငွေနှင့် မိုးမြေပဲသီးနှံ ချေးငွေထုတ်ပေးရန်စီစဉ်နေ

0
231

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီအည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီး ၅ဦး ဆွေးနွေး

ယခုနှစ်အတွင်း မိုးစပါးချေးငွေနှင့် မိုးမြေပဲသီးနှံ ချေးငွေထုတ်ချေးရေး စာချုပ်ချုပ်ဆိုဆောင်ရွက်နေမှု အခြေအနေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီ၌ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေး၌ ၂၀၂၂ ခုနှစ် စက်တင်ဘာ (၁) ရက်မှ ၂၀၂၄ ခုနှစ် ဇွန် (၃၀) ရက်အထိ ချေးငွေများထုတ်ချေးပြီးစီးမှုနှင့် ချေးငွေပြန်လည်ပေးဆပ်မှု၊ နယ်မြေဒေသအခြေအနေနှင့် မိုခါမုန်တိုင်းတိုက်ခတ်မှုတို့ကြောင့် ချေး ငွေအရင်း/အတိုး ဆိုင်းငံ့ပေးခဲ့မှုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တင်ပြသော နွေစပါး၊ မိုးစပါးနှင့် ဆီထွက်သီးနှံတို့အတွက် ချေးငွေစာချုပ်တန်ဖိုး သတ်မှတ်နိုင်ရေး၊ ချေးငွေများထုတ်ချေးရာတွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ချေးနိုင်ရေး၊ ချေးငွေစာရင်းဇယားများကို စနစ်တကျပြုစု၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များမှ ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီများက ကြပ်မတ်ဆောင်ရွက်ရေးနှင့် မှတ်တမ်းတင်ထားရှိနိုင်ရေးတို့ဆွေးနွေးကြသည်။

ထို့ပြင် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း နွေစပါးစီမံကိန်း၊ မိုးစပါးစီမံကိန်း၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အသားတိုးကြက်၊ ဥစားဘဲ၊ အသားတိုးဝက်၊ နို့စားနွား၊ အသားတိုးနွား၊ သိုး၊ ဆိတ်မွေးမြူရေးချေးငွေများ ထုတ်ချေးနေမှုအခြေအနေနှင့် စိုက်ပျိုးရေရရှိရေးစီမံကိန်း ဆောင်ရွက်နေမှုအခြေအနေ၊ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေထုတ်ချေးနိုင်မှုနှင့် ကုန်ကြမ်းဝယ်ယူနိုင်ရေးအတွက် လုပ်ငန်းသုံး ရင်းနှီးငွေထုတ်ချေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုနည်းတူ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို ထူထောင်၍ နွေစပါး၊ မိုးစပါးနှင့် ဆီထွက်သီးနှံများ အထွက်တိုးရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ချေးငွေများ ဆုံးရှုံးမှုမရှိစေရေး၊ ချေးငွေများ ထိရောက်စွာ အသုံးပြုနိုင်ရေးနှင့် လုပ်ငန်းများအောင်မြင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများက မိမိတို့တာဝန်ယူရသည့်နယ်မြေတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီများအား စနစ်တကျတာဝန်များပေးအပ်ပြီး ကြပ်မတ်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here