မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံပေါင်း (၃,၀၀၀) ကျော်ရှိပြီဟု MRF ပြော

0
314

ဆန်တန်ချိန် (၅၀) (သို့မဟုတ်) စပါးတင်း (၅၀၀၀) နှင့် အထက် သိုလှောင်ထားသည့် ဆန်စပါးသိုလှောင်ရုံ ပေါင်း (၃,၀၀ဝ) ကျော် မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ဩဂုတ်ဒုတိယပတ်အတွင်းက ဆန်စပါးအသင်းချုပ်၌ ပြုလုပ်ခဲ့သည့် သတင်းပြန်ကြားဆွေးနွေးပွဲတွင် ၎င်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံ အားလုံးကို မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online –MyR O) စနစ်မှာ မှတ်ပုံတင်ရန် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၄)ရက်က စပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Myanmar Rice Online – MyRO သိုလှောင်မှု မှတ်ပုံတင်သည့်စနစ်ကို ပြီးခဲ့သည့် နိုဝင်ဘာလတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မှတ်ပုံတင်ရန် ကျန်ရှိနေသည့် သိုလှောင်ရုံများအနေဖြင့် သိုလှောင်မှုမှတ်ပုံတင်သည့်စနစ်တွင် သိုလှောင်ရုံများအားလုံး ပါဝင်နိုင်ရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

ပြည်တွင်း၌ ဆန်စပါးဖူလုံရေးအပြင် ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါး ဈေးကွက်နှင့်ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှု အခြေအနေများကို စနစ်တကျ စာရင်းပြုစုမှတ်ပုံတင်ထားနိုင်ရေးနှင့်သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့်ငွေကြေး ထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ဆန်စပါးသိုလှောင်ရုံများအနေဖြင့်မှတ်ပုံတင်ရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here