ပိုးသတ်ဆေးအမျိုးအစား (၉၃)မျိုးကို မှတ်ပုံတင်ခွင့်ပြုရေး နည်းပညာကော်မတီက စိစစ်ဆောင်ရွက်လျက်ရှိ

0
173

ပိုးသတ်ဆေး အမျိုးအစားပေါင်း (၉၃)မျိုးကို မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရေး စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေး ပညာရှင်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနတို့မှ ပညာရှင်များ ပါဝင်ဖွဲ့စည်းထားသည့်အဖွဲ့က စိစစ်သုံးသပ်ဆွေးနွေးကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ် အစည်းအဝေးခန်းမ၌ သြဂုတ် (၁၅)ရက်က ပိုးသတ်ဆေးနည်းပညာကော်မတီ အစည်းအဝေး ကျင်းပကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပိုးသတ်ဆေးသုံးစွဲ တင်သွင်းဖြန့်ချိနိုင်ရေး မှတ်ပုံတင်ခွင့်ပြုရာ၌ သီးနှံဖျက်ပိုးများအပေါ် ထိရောက်မှု၊ လူနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးနှင့် ရေရှည်တွင် ဓါတုဓါတ်ကြွင်း အန္တရာယ်ကင်းရှင်းရေးတို့ကို ထည့်သွင်း သုံးသပ်စိစစ်ရမည်ဖြစ်ကြောင်း ပိုးသတ်ဆေးနည်းပညာကော်မတီဥက္ကဋ္ဌညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက ပြောသည်။

နိုင်ငံအတွင်း၌ ပိုးသတ်ဆေးထုတ်လုပ်မှု အားနည်းနေသဖြင့် ပြည်တွင်း၌ ထုပ်လုပ်နိုင်ရေး ပိုးသတ်ဆေး ဥပဒေနှင့်အညီ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)များကိုလည်း ဖိတ်ခေါ်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်တွင်း၌ ထုတ်လုပ်သော ပိုးသတ်ဆေးများသည် ပြည်ပမှ ကုန်ကြမ်းတင်သွင်းရသည့်အတွက် ကုန်ကြမ်းများကို အရည်အသွေး မှန်၊ မမှန် ဓါတ်ခွဲနိုင်ရေး ဓါတ်ခွဲခန်းများကို အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မူဝါဒအရ ဓါတုပိုးသတ်ဆေးသုံးစွဲမှုလျှော့ချ၍ သဘာဝပိုးသတ်ဆေးများ သုံးစွဲနိုင်ရေး နည်းပညာပေးရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်းက ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မှတ်ပုံတင်လျှောက်ထားသည့် ပိုးသတ်ဆေးများကို စိုက်ခင်းများတွင် စမ်းသပ်ခြင်း၊ ဖော်ပြထားသည့် ဓါတုပစ္စည်းပါဝင်မှု မှန်မမှန် ဓါတ်ခွဲစစ်ဆေးခြင်း၊ အရည်အသွေးမှန်ကန်မှုတို့ကို စစ်ဆေးဆောင်ရွက်ပြီး ပိုးသတ်ဆေးနည်းပညာကော်မတီ အစည်းအဝေး၌ စိစစ်သုံးသပ်ရကြောင်းလည်း သိရသည်။

ထိုသို့ စိစစ်သုံးသပ်ပြီး ရရှိလာသည့် အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ သက်ဆိုင်ရာဌာန တာဝန်ရှိသူများ ပါဝင်ဖွဲ့စည်းထားသည့် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ အစည်းအဝေးသို့ ပိုးသတ်ဆေးဥပဒေနှင့်အညီ တင်ပြရကြောင်း သိရသည်။

လက်ရှိတွင် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က စမ်းသပ်သုံးစွဲခွင့် မှတ်ပုံတင် (၁၁၇)ခု၊ ယာယီသုံးစွဲခွင့် မှတ်ပုံတင် (၁၈၆၈) ခု၊ အပြည့်အဝ သုံးစွဲခွင့် မှတ်ပုံတင်(၂၂၅၁)ခု နှင့် ပြင်ဆင်သုံးစွဲခွင့် မှတ်ပုံတင်(၁)ခု၊ စုစုပေါင်း (၄၂၃၇)ခု ကို ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here