ထိုင်းငွေ တစ်ဘတ် (၁၅၀) ကျပ်ဝန်းကျင်အထိ ဈေးပြန်ထိုးကျလာ

0
423

ပြီးခဲ့သည့်ရက်ပိုင်းက ငွေဈေးကစားသူများ၏ ဈေးကစားမှုများကြောင့် အဆမတန် မြင့်တက်သွားခဲ့သည့် ထိုင်းဘတ်ဈေးနှုန်းသည် ယမန်နေ့ ဩဂုတ်လ (၁၅) ရက် နေ့လယ်ပိုင်းမှ စတင်ကာ တရှိန်ထိုး ပြန်လည်ကျဆင်းလျက်ရှိရာ ယနေ့ ဩဂုတ် (၁၆)ရက် မွန်းလွဲပိုင်းအချိန်တွင် တစ်ဘတ်လျင် (၁၅၀) ကျပ်ဝန်းကျင်အထိသို့ ပြန်လည်ကျဆင်းခဲ့ကြောင်း ထိုင်း – မြန်မာ ငွေလဲလှယ်သူများထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းငွေ တစ်ဘတ်လျင် မြန်မာငွေ (၂၀၀) ကျပ်အထိရောက်အောင် ဈေးစွဲတင်ပြီး ဈေးကစားကြခဲ့သည့်အတွက် ထိုင်း – မြန်မာ ငွေကြေးအရောင်းအဝယ်ဈေးကွက်တွင် အရောင်းမှားအဝယ်မှားဖြစ်သူများလည်း ရှိခဲ့သလို ရက်ပိုင်းအတွင်း၌ပင် ငွေကြေးဆုံးရှုံးသူများလည်း ရှိခဲ့ကြောင်း သိရသည်။

” အဓိကတော့ ဝိသမလောဘသမားတွေရဲ့ ဈေးကစားကြတဲ့ ကိစ္စပဲ။ အွန်လိုင်းက လျှောက်ဖွကြတဲ့တစ်ဖွဲ့ကလည်း သပ်သပ်ကို ရှိနေတာ။ အဲဒီမှာ အတင်းလိုက်ဝယ်ကြ ၊ လိုက်စုကြတာလေ။လိုချင်တဲ့အနေအထားလည်းရောက်ရောဈေး ကို ပြန်ထိုးချပစ်လိုက်ရော။ ဒါမျိုးက ခဏတိုင်း ဖြစ်နေကြ။ မပါးနပ်တဲ့သူတွေကတော့ ခံကြရတာချည်းပဲ။ တစ်ရက်နှစ်ရက်နဲ့ ရက်ပိုင်းအတွင်းလေးနဲတင် ဆယ်ချီ ၊ ရာချီ ဆုံးရှုံးကုန်တဲ့သူတွေတောင်ရှိတယ်။ အစ်မတို့ကတော့ ဈေးမငြိမ်တော့ဘူး ၊ ကမောက်ကမဖြစ်ပြီဆိုရင် ရောင်းမနေတော့ဘူး ၊ ဆိုင်ကို ပိတ်ထားလိုက်တာပဲ။ ဈေးငြိမ်မှပဲ ပြန်ဖွင့်ပေးတယါ။ ကိုယ့်လူတွေ မနစ်နာအောင်ပေါ့။ ကိုယ်လည်း ဒါမျိုးနဲ့ စီးပွားမရှာချင်ဘူး” ဟု မြဝတီမြို့ခံ ထိုင်း – မြန်မာ ငွေလဲလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

ယနေ့ ဩဂုတ်လ (၁၆) ရက် နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန်တွင် မြန်မာငွေ (၁) သိန်းလျင် ထိုင်းဘတ် (၆၃၅) ဘတ် ရှိခဲ့ရာမှ နေ့လယ်ပိုင်းအချိန်တွင် (၆၇၅) ကျပ်သို့ ဆက်လက်ကျဆင်းခဲ့ကြောင်း သိရသည်။

ထိုင်းဘတ်ဈေးနှုန်းသည် ရက်ပိုင်း၊ နာရီပိုင်းအတွင်း၌ပင် အတက်အကျကြမ်းပြီး ငွေကြေးဆုံးရှုံးနိုင်ခြေ မြင့်မားသည့်အတွက် ဝယ်ယူစုဆောင်းခြင်းမျိုးမလုပ်သင့်ဘဲ ဈေးကွက် တည်ငြိမ်သည့်အခြေအနေတွင်သာ အရောင်းအဝယ်ပြုလုပ်သင့်ကြောင်း သတိပေး ပြောဆိုမှုများလည်း ရှိသလို မြန်မာပြည်သူလူထု၏ အကျိုးစီးပွားကိုငဲ့ညှာကာ ဈေးကစားခြင်းများ မပြုလုပ်ကြရန်လည်း အသိပေးပန်ကြားမှုများလည်း ရှိနေစည်။

လက်ရှိတွင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အများစုမှာ လုံခြုံရေးအခြေအနေကြောင့်ရပ်တန့်နေရပြီး ထိုင်းမှ ကုန်ပစ္စည်းအများစုကို တင်သွင်းနေရချိန်ဖြစ်သည်။

ထိုင်းနိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် အိမ်ဆောက်ပစ္စည်းများ ၊ စားသောက်ကုန်၊ မီးဖိုချောင်သုံး ကုန်ပစ္စည်းများ၊ အဝတ်အထည်၊ အလှအပရေးရာ အသုံးအဆောင်များ၊ ဆေးဝါးများ၊ အိမ်သုံးပစ္စည်းများ၊ အချိုရည်နှင့် နေ့စဉ်သုံးပစ္စည်းအများအပြားကို တင်သွင်းနေရခြင်းဖြစ်သည်။

အဆိုပါအခြေအနေတွင် ထိုင်းဘတ်ဈေးအဆမတန် မြင့်တက်ပါက ထိုင်းနိုင်ငံမှတင်သွင်းသည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများပါ လိုက်လံမြင့်တက်လာမည်ဖြစ်သည့်အတွက် ပြည်တွင်း၏ စားသုံးသူ ပြည်သူများမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှု၏ဒဏ်ကို တိုက်ရိုက်ခံစားရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here