ရေလွှမ်းမှုကြောင့် ပြန်လည်စိုက်ပျိုးရန် လိုအပ်သည့် စပါးစိုက်ခင်းများကို ထောက်ပံ့ပေးနိုင်ရန် စီစဉ်နေ

0
228

ရေလွှမ်းမှုကြောင့် ပြန်လည်စိုက်ပျိုးရန် လိုအပ်သည့် စပါးစိုက်ခင်းများကို အတိုးမဲ့မျိုးစပါးနှင့် ဓာတ်မြေဩဇာဖိုးငွေများ ထောက်ပံ့ပေးနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က နိုင်ငံပိုင်း သတင်းဌာနမှတဆင့် အသိပေးပြောကြားထားသည်။

ရေလွှမ်းမိုးမှုများကြောင့် ပျက်စီးခဲ့ရသည့် မိုးစပါးစိုက်ခင်းများကို လက်ရှိတွင် အစိုးရဘက်မှလည်း ကူညီပံ့ပိုးနေကာ ဆန်စပါးအသင်းချုပ်အနေဖြင့်လည်း ထိုက်သင့်သည့် ကူညီမှုများ လုပ်ဆောင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

“ရေလွှမ်းတဲ့ အနေအထားပေါ်မှာတော့ စပါးသီးနှံက ရေရဲ့ဒဏ်ကိုတော့ အထိုက်အလျောက်ခံနိုင်တယ်။ တချိူ့ရေပြန်ပေါ်သွားတဲ့နေရာ ၊ ရေကျသွားတဲ့ နေရာမှာတော့ ဘာမှသိပ်ပြီးတော့ ဆောင်ရွက်ဖို့မလိုတဲ့ အနေအထားရှိပါတယ်။ ဒါပေမဲ့ တချို့ နေရာမှာတော့ ပျိုးခင်းတွေ ရေမြုပ်တာ ပြန်စိုက်ရတာ ပျက်စီးသွားတာမျိုးတို့ရှိတယ်။ ဒီအပေါ်မှာ အစိုးရဘက်ကနေလည်း ထိုက်သင့်တဲ့ ပံ့ပိုးကူညီမှုတွေလုပ်တယ်။ ကျွန်တော်တို့ အောက်ခြေမှာရှိတဲ့ ဆန်စက်လုပ်ငန်းရှင်တွေ ၊ဆန်စပါးအသင်းချုပ်အနေနဲ့လည်း ကူညီဖို့လုပ်ဆောင်ထားပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှုများခဲ့ကာ နိုင်ငံအတွင်းရှိ မိုးစပါးစိုက်ခင်းဧရိယာများထဲမှ ဧက (၉)သိန်းကျော်၊ (၁)သန်းနီးပါး ရေလွှမ်းဒဏ်ကို ခံခဲ့ရကြောင်းလည်း နယ၎င်းကဆိုသည်။

ထိုကဲ့သို့ ပျက်စီးဆုံးရှုံးမှုများအပေါ် ဆန်စပါးအသင်းချုပ်ထံ စာရင်းဇယားဖြင့် တင်ပြလာပါက မျိုးစပါးနှင့် ဓာတ်မြေဩဇာများ စီစဉ်ပေးရန် လုပ်ဆောင်ပေးမည်ဟုလည်း သိရသည်။

“ပြန်စိုက်ဖို့လိုအပ်တဲ့ အနေထားမှာ ကြည့်ပြီးတော့ ငွေပြန်ပေးချေမှုကို အကြွေးပေးလိုက်တဲ့ သဘောပေါ့။ တချို့အတော်ကို ခက်ခဲတဲ့နေရာမှာတော့ လှူတဲ့ဟာမျိုးလေးတွေလုပ်ဖို့ရှိပါတယ်။ ဒီအပေါ်မှာတော့ တင်ပြလာတဲ့အပေါ် စနစ်တကျ ပြန်စိစစ်ပြီးတော့ ဆောင်ရွက်နေတဲ့ အနေထားဖြစ်ပါတယ်။ တင်ပြလာတဲ့အပေါ် ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ဦးရဲမင်းအောင်က ဆိုသည်။

ထို့အပြင် ရေနစ်မြုပ်သည့်နေရာများမှ စပါးခင်းတိုင်း မပျက်စီးသွားဘဲ ပြန်ပေါ်နိုင်သည့် အနေထားများရှိပြီး ရေပြန်ကျသွားပါက လိုအပ်သည့် အားဆေး၊ မြေဩဇာများကျွေးကာ ရောဂါပိုးမွှားမကျပါက ထိခိုက်မှု နည်းနိုင်ကြောင်း သိရသည်။

လတ်တလော ရရှိထားသည့် စာရင်းများအရ ပဲခူးတိုင်းဒေသကြီးအတွင်းတွင်ပင် ရေကြီးနစ်မြုပ်မှုများကြောင့် သီးနှံစိုက်ဧကပေါင်း ၄ သိန်း ၇ သောင်းကျော်ရှိသည့်အနက် သီးနှံပျက်စီးမှုက ဧက ၃ သောင်း ၉ ထောင်ကျော်နှင့် မိုးစပါးပျက်စီးမှု ၂ သောင်း ၁ ထောင်ကျော်ခေန့် ထိခိုက်ပျက်စီးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here