လားရှိုးမြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်သူများ လုံခြုံမှုမရှိသဖြင့် ညအချိန်များတွင် စုအိပ်နေရ ဟုဆို

0
91

လက်ရှိ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့အတွင်း လက်နက်ကြီးများ ကျရောက်မည်ကို စိုးရိမ်နေကြရပြီး၊ လုံခြုံစိတ်ချမှုမရှိသည့်အတွက် ညပိုင်းအချိန်များတွင် စုဝေးကာ အိပ်စက်နေကြရကြောင်း ဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။

လားရှိုးမြိူ့၏ လက်ရှိအခြေအနေအရ ခိုးဆိုးလုယက်သည့်အခြေအနေအတွက်စိုးရိမ်နေရခြင်းများရှိသလို လက်နက်ကြီး ကျရောက်လာမည့် အခြေအနေအတွက်လည်း စိုးရိမ်နေကြရကြောင်း ဆိုသည်။

” အခုက နေ့ခင်းဘက်တွေ ကိုယ့်အိမ်ကိုယ်ပြန်ကြ။ ညဘက်တွေဆို စုရပ်တစ်ခုပေါ့။ဘုန်းကြီးကျောင်းလိုနေရာမျိုးတွေ အခြား လုံခြုံရမယ့်နေရာ‌မျိုးတွေမှာကိုယ့်အဖွဲ့နဲ့ကိုယ် စုပြီးအိပ်ကြရတယ်။ မြို့တွင်းမှာက ဖုန်းလိုင်းတွေ မရသေးဘူး။ တစ်ခုခုဆို ကိုယ့်အဖွဲ့ကိုယ့် ရှောင်နိုင်တိမ်းနိုင်အောင်လို့ပါ”ဟု သူမ ကရှင်းပြသည်။

“လားရှိူးစစ်ရှောင်တွေကပထမရှောင်မိတဲ့နေရာတွေမှာ အိမ်ဌားခတွေ ဈေးကြီးလို့ တချိုတွေ့ကလားရှိုး ပစ္စည်းပြန်ယူပြီး သက်သာနိုင်မယ့်တခြားမြို့တွေမှာ သွားနေကြတယ်”ဟု စစ်ရှောင်နေရာပြောင်းသူတစ်ဦးကဆိုသည်။

လားရှိုးမြို့အတွင်း ဖုန်းလိုင်းများများမရရှိသေးသော်လည်း အင်တာနက်လိုင်းရရှိသည့်နေရာ(UWSA)ရုံးတို့တွင် တစ်ဦးလျှင် မိနစ်(၃၀)ခန့် အလှည့်ကျ တန်းစီ၍ အသုံးပြုနေရကြောင်း ဆိုသည်။

မြေပြင်အခြေအနေအရ တိုက်ပွဲများမရှိတော့သော်လည်း မည်သည့်အချိန်တွင်ဖြစ်ပွားမည်ဆိုသည်ကို အမြဲနားစွင့်နေရကြောင်းနှင့် မြို့တွင်း သူခိုးနှင့် လုယက်သူများ ယခင်ထက်နည်းပါးလာပြီဖြစ်သော်လည်း မကြာမကြာ အုပ်စုဖွဲ့ခိုးယူခြင်းနှင့် လုယက်ခြင်းများရှိနေသေးသည်ဟု သိရသည်။

ယင်းသို့ နေ့ဘက်အချိန် နေအိမ်များသို့ ပြန်ကြပြီး ညဘက်အချိန် သတ်မှတ်စုရပ်နေရာများအလိုက် ခိုလှုံသူ (၁,၀၀၀)ခန့် ရှိကြောင်း သိရသည်။

ဓာတ်ပုံ-FYV


LEAVE A REPLY

Please enter your comment!
Please enter your name here