မူဆယ်တွင် ယွမ်ဈေးများ ဆက်တိုက်ကျဆင်းသော်လည်း ကုန်ဈေးနှုန်းကျရိပ်မပြဟု ဆို

0
359

မူဆယ်တွင် တရုတ်ယွမ်ဈေးများ ဆက်တိုက်ကျဆင်းလာပြီဖြစ်သော်လည်း ကုန်ဈေးနှုန်းများ မကျဘဲ၊ ယခင် တက်ဈေးအတိုင်း ဝယ်ယူနေကြရကြောင်း မူဆယ်မြို့ဒေသခံတစ်ဦးကပြောသည်။

ယင်းသို့ ဖြစ်ရခြင်းသည် ကုန်သည်များက ယခင် ပေါက်ဈေးအတိုင်း ဝယ်ထားရသည့် အတွက် ဈေးချရောင်းနိုင်ခြင်းမရှိခြင်းဖြစ်သည်ဟု မူဆယ်မြို့အတွင်း ဒေသခံများက ကုန်သည်အသိုင်းအဝိုင်းမှထွက်ပေါ်လာသည့်စကားကို တဆင့်ပြန်လည်ပြောပြခြင်းဖြစ်သည်။

” အလကားပါဗျာ။ ယွမ်‌ဈေးတက်တုန်းက ဘယ်ကုန်သည်မှ ပစ္စည်းဝယ်သူမရှိဘူး ။ အကျဈေးစောင့်ပြီးမှ ဝယ်တာလေ။ အခုလှောင်ထားတဲ့ ပစ္စည်းတွေက အရင် ဈေးအကျတုန်းက အ‌ေ-သဝယ်လှောင်ထားပြီး ယွမ်ဈေးတက်တော့ ရောယောင်ပြီး သူတို့ပါ ဈေးတင်ရောင်းတာ။ ယွမ်ဈေးကျတော့ပျော်တယ်ဆိုပေမယ့် ကုန်ဈေးနှုန်းကတော့ မကျဘူး”ဟု အဆိုပါ ဒေသခံ ပြောသည်။

ယခုလ ဩဂုတ်(၁၄)ရက်နှင့် (၁၅)ရက်တို့တွင် တရုတ်ယွမ် ၁၀၀ လျှင် မြန်မာ ကျပ်
ငွေ ကိုးသောင်းကျော်အထိ မြင့်တက်သွားခဲ့ပြီးနောက် ယမန်နေ့ဩဂုတ်(၁၆)ရက်နေ့ မွန်းလွှဲပိုင်းအချိန် အထိ ယွမ် ၁၀၀ လျှင် ကျပ်ငွေခြောက်သောင်းအထိ ကျဆင်းလာကြောင်း သိရသည်။

” မနေ့က ခြောက်သောင်းပေါက်ပါတယ်။ ဈေးတွေပြန်ကျနေတာ။ ပြီးခဲ့ရက်ပိုင်းက ၉၂,၀၀၀အထိ တက်လာပြီးတော့ ထိုးကျလာတာ။ “ဟု မူဆယ်မြို့ ငွေလဲလှယ်ရေး လုပ်ကိုင်သူတစ်ဦးကပြောသည်။

လက်ရှိ မူဆယ်မြို့အတွင်း ယွမ်ဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေပြီဖြစ်သော်လည်း ကုန်ဈေးနှုန်းကျရိပ်မပြသည့်အတွက် အခြေခံ လူတန်းစားအချို့ အခက်ကြုံနေရကြောင်း သိရသည်။

“ငွေဈေးတက်တုန်းကဆိုရင် ကျွန်တော်တို့ တနေ့ နှစ်သောင်းလောက်ရရင်တောင် တရုတ်ငွေနဲ့ ပြန်တွက်ကြည့်ရင် ယွမ်၂၀ ကျော်ကျော်ပဲ ရတာ။ ဒီမှာ ကုန်ပစ္စည်းတွေဝယ်ရင် ယွမ်နဲ့ပဲ ဝယ်ရတာဆိုတော့ ဘယ်လိုမှ မတတ်နိုင်ဘူး” ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ငွေဈေးပြန်ကျလာခြင်းနှင့်အတူ ငွေလဲလှယ်ရောင်းဝယ်သူများအကြား ဈေးနှုန်းဆိုင်းဘုတ်များမတင်ကျတော့ဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဈေးများဖြစ် လုပ်ဆောင်နေကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here