ရုရှားကို ယူကရိန်းက တိုက်ခိုက်ရာ၌ အနောက်နိုင်ငံများကူညီခဲ့ဟုကရင်မလင်ဆို

0
266

ရုရှားနိုင်ငံ ကာ့စ်ဒေသကို ယူကရိန်းက ရုတ်တရက် တိုက်ခိုက်သည့် အစီအစဉ်ကို အနောက်နိုင်ငံများနှင့် အမေရိက ဦးဆောင်သော နေတိုးမဟာမိတ်အဖွဲ့က ကူညီခဲ့သည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ သြဇာကြီးမားသောလက်ထောက်တစ်ဦးက သောကြာနေ့တွင် ပြောဆိုသည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း၌ ရုရှားနယ်မြေကို နိုင်ငံခြားတပ်တစ်ခုက အကြီးမားဆုံး လျှပ်တပြက် ဝင်ရောက်ကျူးကျော်မှုကို သြဂုတ်လ ၆ ရက်တွင်စတင်ခဲ့ပြီး ရုရှားနိုင်ငံ အနောက်ပိုင်းနယ်စပ်ကို ယူကရိန်းတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ဖြတ်ကျော်ခဲ့မှုကြောင့် ပူတင်၏ စစ်တပ်အတွက် အရှက်ရစေခဲ့သည်။

ထိုကဲ့သို့ ကျူးကျော်မှုသည် မျှတသော ငြိမ်းချမ်းရေးဆွေးနွေးမှုများ ကိုစတင်နိုင်ရန်အတွက် ၂၀၂၂ ဖေဖော်ဝါရီတွင် ယူကရိန်းနယ်မြေအတွင်းသို့ တပ်များကို စေလွှတ်ခဲ့သော ရုရှားကို ဖိအားပေးရန် လိုအပ်ချက်အရဖြစ်သည်ဟု ယူကရိန်းက ပြောဆိုသည်။

သို့သော်လည်း ရုရှားနှင့် စစ်ရေး အရ ထိပ်တိုက်တွေ့မှုကို မလိုလားသော အမေရိကနှင့် အနောက်အင်အားကြီးနိုင်ငံများက ယူကရိန်းသည် ကျူးကျော်မှုအစီအစဉ်ကို အသိပေးခြင်းမျိုး မရှိခဲ့ကြောင်း ဆိုခဲ့ကြသည်။ ယင်းကိစ္စတွင် ဝါရှင်တန်အနေဖြင့် ပတ်သက်ခြင်းမရှိဟု ဆိုသော်လည်း ဗြိတိန်နှင့် အမေရိကန်တို့ က ထောက်ပံ့ပေးထားသည့် လက်နက်များကို ရုရှားမြေပေါ်သို့ ကျူးကျော်ရာတွင် အသုံးပြုခဲ့သည်ဟု သိရသည်။

သြဇာကြီးမားသော ကရင်မလင်မှ နီကိုလိုင် ပါထရူရှက်ဗ်ကမူ အနောက်တိုင်း၏ ပြောဆိုချက်ကို လက်မခံကြောင်း Izvestia သတင်းစာနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။ ယူကရိန်းက ပထမဆုံးအကြိမ် ဝန်ခံထားသည့် အချုပ်အခြာပိုင် ရုရှားပိုင်နက်အတွင်း ကျူးကျော်မှုသည် ပဋိပက္ခပိုအရှိန်မြင့်လာနိုင်သည့် အန္တရာယ်ရှိနေကြောင်း သူ၏ မှတ်ချက်များတွင် ဖော်ပြသည်။ 

ပူတင်သည် ပါထရူရှက်ဗ်အပါအဝင် ရုရှားလုံခြုံရေးကောင်စီအစည်းအဝေးကို သဘာကတိအဖြစ်ဦးဆောင် ပြုလုပ်ခဲ့ကာ ဆွေးနွေးမှုတွင် အထူးစစ်ဆင်ရေးအတွက် နည်းဗျူဟာဆိုင်ရာ ဖြေရှင်းချက်အသစ်များကို အဓိကထားသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

Ref: FBC News


LEAVE A REPLY

Please enter your comment!
Please enter your name here