စက်သုံးဆီတင်သင်္ဘော (၁၂) စီး ဝင်ရောက်ရန်ရှိဟု နစကပြောခွင့်ရသူ ပြောကြား

0
205

ရန်ကုန်အပါအဝင် မြို့ကြီးများ၌ စက်သုံးဆီပြတ်လပ်မှုကြောင့် အခက်အခဲဖြစ်ပေါ်နေသည့် အချိန်ဖြစ်သော်လည်း စက်သုံးဆီတင်သင်္ဘော (၁၂)စီး ဝင်ရောက်ရန်ရှိကြောင်း နစက ပြော‌ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

သြဂုတ်လ (၁၄) ရက်က ဆီတင်သင်္ဘော (၁)စင်း ဆိုက်ကပ်ခဲ့ပြီး၊ သြဂုတ်လ (၁၅) ရက်တွင် ဆီတင်သင်္ဘော (၄) စင်း ဆိုပ်ကပ်ခဲ့သည့်အတွက် ရန်ကုန်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီပြန်လည်ရရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် စက်သုံးဆီတင်သင်္ဘောများမှ 92 Ron တန်ချိန် (၂၇၀၀၀)၊ 95 Ron တန်ချိန် (၃၀၀၀) ကျော်၊ ရိုးရိုးဒီဇယ် တန်ချိန် (၆၀၀၀) ကျော်နဲ့ ပရီမီယံဒီဇယ် တန်ချိန် (၂၂၀၀၀) တို့ကို ဆိပ်ကမ်းချနေကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။

ယနေ့ ဩဂုတ် (၁၇)ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များ၌ ကားတန်းစီကာ စက်သုံးဆီဝယ်ယူမှုရှိနေသေးသော်လည်း စက်သုံးဆီဆိုင်အများစုတွင် ဆီများ ပြန်လည်ရောင်းချပေးနေနိုင်ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

“တာမွေ Max မှာ မနက်က တန်းစီပြီး ထည့်ခဲ့တာ ရတယ်။ ဆီဈေးတက်တော့ (၅၀၀၀၀) ဖိုးပဲ ထည့်ခဲ့တယ်” ဟု တန်းစီနေရသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

“အမြန်လမ်း ၁၁၅ မိုင် မှာဆီဖြည့်တာ ကားစီရလည်း ၅စီးလောက်ပေါ့၊တခါထည့် ၇သောင်းဖိုးရတယ်၊ ၂ကျော့လောက် ထည့်ပြီး ခရီးဆက်ရတယ်၊ ကားရှင်းတဲ့အခါလည်းရှိတယ်”ဟု ၁၆ရက်နေ့က ၁၁၅မိုင် ဖြတ်လာသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

“နေပြည်တော်မှာ တခါထည့်၃သောင်းနဲ့ သိပ်အကြာကြီးမစီရဘူး”ဟု သုံးစွဲသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် စက်သုံးဆီ ပြတ်လပ်မှုကို အခွင့်ကောင်းယူကာ ရောင်းချနေသည့် (မှောင်ခိုဈေးကွက်)လည်း ပေါ်ပေါက်နေပြီး တစ်လီတာ ကျပ်ရှစ်ထောင်ကျော်အထိ ရှိလာကြောင်း စက်သုံးဆီသုံးစွဲနေသူများထံမှ စုံစမ်းသိရသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီကမူ ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှ ဝင်ရောက်လာမည့် ဆီတင်သင်္ဘောများ၏ အခြေအနေအရ ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်နိုင်မည်ဆိုသည့် စိုးရိမ်ကြောင့်ကြမှုဖြစ်ရန် မလိုကြောင်းနှင့် စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here