အိန္ဒိယ ဆရာဝန်များ ၂၄ နာရီ သပိတ် စတင်

0
249

နိုင်ငံအရှေ့ပိုင်း ကိုလ်းကတ္တာမြို့တွင် ဆရာဝန်တစ်ဦးကို ရက်စက်စွာ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှုကို ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယဆရာဝန်များအသင်းက နိုင်ငံတစ်ဝန်း အရေးပေါ် မဟုတ်သည့် ဝန်ဆောင်မှုများကို ၂၄ နာရီကြာ ရပ်လိုက်သည့် သပိတ်ကို စနေနေ့တွင် စတင်ခဲ့သည်။

ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနိုင်ငံရှိ ပြင်ပလူနာများနှင့် ခွဲစိပ်ကုသမှုများကို မနက် ၆ နာရီမှ စတင် ရပ်ဆိုင်းလိုက်သည်ဟု ဆရာဝန်များအသင်းက ထုတ်ပြန်ခဲ့သည်။

ဆေးရုံများရှိ အရေးပေါ် ကုသမှုများကိုမူ သင်ကြားရေး ဆရာဝန်များကို တာဝန်ပေးထားမည်ဟုလည်း ဆိုခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ကိုလ်ကတ္တာဆေးပညာကောလိပ်အတွင်း တာဝန်ကျနေသည့် အသက် ၃၁ နှစ်အရွယ် အလုပ်သင်ဆရာဝန်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရမှုကြောင့် နိုင်ငံတစ်ဝန်း ဆရာဝန်များ၏ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။ အဆိုပါဖြစ်ရပ်မှာ ၂၀၁၂ ခုနှစ်က နယူးဒေလီရှိ ဘတ်စ်ကားတစ်စီးပေါ်တွင် အသက် ၂၃ နှစ်အရွယ် ကျောင်းသူတစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့် ခိုင်းနှိုင်းရှုတ်ချစရာဖြစ်ခဲ့သည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု မြင့်တက်နေခြင်းအား တားဆီးရန် တင်းကျပ်သော ဥပဒေပြဋ္ဌာန်းမှုများမလုပ်သည့်အတွက်လည်း ဒေါသထွက်စရာဖြစ်ခဲ့ကာ ဆရာဝန်များနှင့် အမျိုးသမီးအခွင့်အရေးအုပ်စုများ၏ ဆန္ဒပြမှုကို ပိုဆိုးစေခဲ့သည်။

“ဒီနိုင်ငံက ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်မှာ အမျိုးသမီးတွေက အများစုဖြစ်ပါတယ်။ သူတို့တွေရဲ့ လုံခြုံရေးအတွက် ထပ်တောင်းဆိုပါတယ်” ဟု ဆေးပညာရှင်များအသင်း ဥက္ကဋ္ဌ အာ ဗီ အာဆိုကန်က ပြောဆိုခဲ့သည်။

ယခု သပိတ်မှောက်မှုသို့ ဆေးပညာရှင်တစ်သန်းကျော် ပါဝင်ပူးပေါင်းကြရန် မျှော်လင့်ထားကြောင်း သိရသည်။

Ref: ရိုက်တာ/ Arab News


LEAVE A REPLY

Please enter your comment!
Please enter your name here