လှိုင်မြစ်ရေမှာ ပြန်လည်မြင့်တက်လာနိုင်ပြီး ဩဂုတ် (၂၆) ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးများနိုင်

0
86

ဩဂုတ် (၂၂) ရက်၊ (၂၃)ရက်များတွင် လှိုင်မြစ်ရေမှာ ပြန်လည်မြင့်တက်လာနိုင်ပြီး ဩဂုတ် (၂၆) ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးများနိုင်ကြောင်း မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က လူမှုကွန်ယက်စာမျက်နှာတွင် ဩဂုတ်(၁၇)ရက်၊ နေ့လည် (၁) နာရီ (၄၀) မိနစ်က မျှဝေရေးသားထားသည်။

ဩဂုတ် (၁၇) ရက်တွင် ပဲခူးရိုးမ အနောက်ခြမ်းတွင် မိုးပြန်များလာသည့် အခြေအနေကြောင့် လှိုင်မြစ်ဖျားမှ စတင်၍ ဘောလယ်ကျွန်း (ထန်းတပင်မြို့နယ်အထိ) လှိုင်မြစ်ရေမှာ ဩဂုတ် (၂၂)ရက် (၂၃)ရက်များတွင် မြစ်ရေသတိပေးအမြင့် (Warning Level)အထိ ပြန်လည်မြင့်တက်လာနိုင်ကြောင်း ၎င်းက ရေးသားထားသည်။

ထို့ပြင် တောင်ကြီးမြို့ တောင်ဘက် မွေတော်ကက္ကူစေတီတော်အနီးမှ ချောင်းရေ စိုးရိမ်ရေမှတ်အထက်အထိ မြင့်တက်နေကာ ဩဂုတ် (၂၂) ရက် နောက်ပိုင်းတွင် စိုးရိမ်ရေမှတ် (Danger Level) အောက်ကို ပြန်လည် ကျဆင်းနိုင်ကြောင်း ဆက်လက်ရေးသားထားသည်။

ပြီးခဲ့သည့် (၂) ရက်ခန့်မှ စတင်၍ အိန္ဂိယနိုင်ငံအရှေ့မြောက်ပိုင်း၌ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းနှင့် မြန်မာနိုင်ငံပေါ်က ဖြတ်သန်းနေသည့် မုတ်သုံမြောင်တန်း (MONSOON TROUGH) တို့ကြောင့် ဩဂုတ်(၂၆) ရက် အထိ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် နေရာကျဲကျဲမှ နေရာစိပ်စိပ်အထိ မိုးများနိုင်ပြီး ဒေသတချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ရက်ဝေးကြိုတင်ခန့်မှန်းချက်များအဖြစ် ၎င်းက မျှဝေရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here