တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၀) ခုတွင်ရှိသည့် မိုးစပါးဧက တစ်သန်းကျော်အတွက် ချေးငွေထုတ်ချေးမည်

0
186

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီမှ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၀) ခုတွင်ရှိသည့် မိုးစပါးဧက တစ်သန်းကျော်အတွက် ချေးငွေထုတ်ချေးရန် စီစဉ်နေကြောင်း နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။

၂၀၂၄ -၂၀၂၅ မိုးစပါးသီးနှံကို နေပြည်တော်၊ ကချင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီတိုင်းရှိ စုစုပေါင်း ဧက (၉) သိန်းခွဲကျော်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မိုးမြေပဲသီးနှံ စိုက်ပျိုးခြင်းကို နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီတိုင်းဒေသရှိ ဧက (၁) သိန်းကျော်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၂ -၂၀၂၃ ခုနှစ်တွင် ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းကို နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန် နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်ရွက်ခဲ့ရာ ပဲတီစိမ်းသီးနှံနှင့် နွေစပါးသီးနှံအတွက် စုစုပေါင်း ကျပ် (၁၇၄) ဘီလီယံကျော် သုံးစွဲနိုင်ခဲ့ကြောင်း သိရသည်။

ယင်းစီမံကိန်းအတွက် ထုတ်ချေးပေးထားသည့် ချေးငွေများ အားလုံး ပြန်လည်ရရှိပြီးဖြစ်ကာ ၂၀၂၃ – ၂၀၂၄ ခုနှစ် မိုးစပါးစီမံကိန်းကို နေပြည်တော်၊ ကချင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီ၊ ပဲခူး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျပ် (၁၃၄) ဘီလီယံကျော် အသုံးပြုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ၂၀၂၃ – ၂၀၂၄ ခုနှစ် နွေစပါး စီမံကိန်းကို နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန် နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ကျပ် (၁၄၇) ဘီလီယံကျော် အသုံးပြုဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here