ရှမ်း/မြောက် လားရှိုး-သီပေါ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဉ့်အင်တံတား ဖြတ်သန်းနိုင်ရန် ပြုပြင်လျက်ရှိဟု ဆို

0
100

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး-သီပေါ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မူလစဉ့်အင်တံတားမှ ပြန်လည်ဖြတ်သန်းနိုင်ရန် ပြုပြင်လျက်ရှိကြောင်း ဒေသတွင်း လမ်းပိုင်းအခြေအနေများကို မျှဝေပေးနေသူတစ်ဦးထံမှ သိရသည်။

အဆိုပါ စဉ့်အင်တံတားမှာ ၁၀၂၇ ပထမအကျော့ တိုက်ပွဲများအတွင်း လက်နက်ကြီးထိမှန်ကာ ပျက်စီးခဲ့ရသည့် တံတားတစ်စင်းဖြစ်သည်။

အဆိုပါ တံတားအစား ဒေသခံများ သွားလာရေးအဆင်ပြေစေရန် စဉ့်အင်ဖောင်ဆိပ်မှတဆင့် ဖောင်ဖြင့် နေ့စဉ်ဖြတ်သန်းသွားလာနိုင်ရန် ယနေ့အချိန်အထိ သယ်ယူပို့ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။

“စဉ့်အင်ဖောင်ဆိပ်ပုံမှန်အတိုင်းဖွင့်လှစ်ထားပြီး နေ့စဉ် အတက်အဆင်းကားတွေကို သယ်ပို့ပေးနေတယ်။ လတ်တလော ပိတ်ရက်မရှိပါဘူး”ဟု ၎င်းက မျှဝေထားသည်။

ယနေ့ ဩဂုတ် (၁၉)ရက် ရှမ်းပြည်နယ်မြောက်လမ်းပိုင်းအခြေအနေများအရ ပြင်ဦးလွင်နှင့် နောင်ချိုအကြား လမ်းကြောင်း ခက်ခဲလျက်ရှိပြီး လတ်တလော အတက်အဆင်းဖြတ်သန်းရန် မလွယ်ကူကြောင်း ဆိုထားသည်။

အလားတူ မန္တလေး-လားရှိုးအတက်အဆင်းခရီးအခြေအနေမှာ မန္တလေး – တောင်ကြီး – ပင်လုံ – လွိုင်လင် – လဲချား – ကျေးသီး – မိုင်းရယ် – လားရှိုး လမ်းပိုင်း အပါအဝင် မန္တလေး – ရွာငံ – ရပ်စောက် – ကျောက်ဂူ – တုံလော – ပန်ကေတု – ကျေးသီး – မိုင်းရယ် လမ်းပိုင်းနှင့် မန္တလေး – ရွာငံ – ရပ်စောက် – ကျောက်ဂူ – နမ့်လန် – မိုင်းခေး – ဆောင်ကြဲ – မိုင်းရယ် – လားရှိုး လမ်းပိုင်းများကို အသုံးပြုလျက်ရှိကြောင်း မျှဝေထားသည်ကို တွေ့ရသည်။

ထို့အပြင် သီပေါဘက်မှ လာရောက်မည့် ယာဉ်များအနေဖြင့် ဆွတ်လန်းရွာအနီးရှိ ပန်စောက်တံတားဖြတ်သန်းခွင့်ရပါက သီပေါ အဝင်အထွက် လမ်းပိုင်းကို အချိန်ဖြင့် အန္တရာယ်ကင်းစွာသွားလာနိုင်မည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ(၂၅)ရက်က တစ်ကျော့ပြန်ဖြစ်ပွားလာသော ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲကြောင့် ဒေသတွင်း ခရီးသွားယာဉ်များ ရပ်နားထားသည်များရှိသလို လမ်းပိုင်းအခြေအား သတိထားသွားလာနေရသည့်အခြေအနေမျိုးများ ကြုံတွေ့ခဲ့ရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here