<<<< Breaking News >>>>

0
243

ဖိလစ်ပိုင်တွင် ယခုနှစ်အတွင်း ပထမဆုံး မျောက်ကျောက်ရောဂါကူးစက်မှု တွေ့ရှိကြောင်း ယနေ့ကြေညာ

ဖိလစ်ပိုင်သည် နိုင်ငံအတွင်း မျောက်ကျောက်ရောဂါပိုး(mpox) ဗိုင်းရပ်စ်ကူးစက်မှုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက နောက်ဆုံးတွေ့ရှိခဲ့ပြီးနောက်၊ ယခုနှစ်အတွင်း ယင်းရောဂါ ကူးစက်ခံနေရသူတစ်ဦးကို ပထမဆုံးတွေ့ရှိကြောင်း ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁၉ ရက် ယနေ့တွင် ကြေညာပြီးခဲ့ပြီး ရောဂါပိုးအဆင့်အတန်းကို မဆုံးဖြတ်နိုင်မီ စစ်ဆေးမှုရလဒ်များကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါလူနာမှာ ဖိလစ်ပိုင်နိုင်ငံပြင်ပ ခရီးသွားရာဇဝင်မရှိသည့် အသက် ၃၃ နှစ်အရွယ် ဖိလစ်ပိုင်အမျိုးသားတစ်ဦးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့သည် စစ်ဆေးမှုရလဒ်များကို ဆက်တိုက်စောင့်မျှော်နေပြီး ရနိုင်သည်နှင့် တပြိုင်နက် နောက်ဆုံးသိရသမျှကို ကြေညာပါမည်” ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အဲလ်ဘတ်ဒိုမင်ဂိုက ပြောကြားသည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ကူးစက်ပျံ့နှံ့မှုဖြစ်ပွားပြီးနောက် မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သြဂုတ် ၁၄ ရက်တွင် ကြေညာခဲ့သည်။

ဗိုင်းရပ်စ်၏ပုံစံအသစ်သည် အလွယ်တကူပျံ့နှံ့နေပုံရသောကြောင့် တစ်ကမ္ဘာလုံး၏စိုးရိမ်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ဖိလစ်ပိုင်တွင် ယခုတွေ့ရှိသော လူနာသစ်သည် ၁၀ ဦးမြောက် ဓာတ်ခွဲအတည်ပြုလူနာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။

ဖိလစ်ပိုင်တွင် ပထမဆုံး‌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူတစ်ဦးကို ၂၀၂၂ ခုနှစ် ဇူလိုင်လက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here