စားအုန်းဆီ ရည်ညွှန်းသတ်မှတ်ဈေးမြင့်တက်လာသလို ပြင်ပပေါက်စျေးလည်း မြင့်တက်လာ

0
421

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ ယခုတစ်ပါတ်တာအတွက် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ (၆၁၇၀) ကျပ် အဖြစ် ရည်ညွှန်းသတ်မှတ်ထားသည်။

အဆိုပါ ရည်ညွှန်းဈေးနှုန်းမှာ ဩဂုတ် (၁၉) ရက်မှ ဩဂုတ် (၂၅) ရက် အထိ ရောင်းချရမည့် ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေးဖြစ်သည်။

အဆိုပါ ရည်ညွှန်းစျေးသည် ယခင်တစ်ပတ် ရည်ညွှန်းစျေး (၅၉၄၅) ကျပ်နှင့် နှိုင်းယှဉ်လျှင် (၂၂၅) ကျပ် မြင့်တက်ခြင်းဖြစ်ပြီး လက်ရှိ ပြင်ပစျေးကွက်တွင် တစ်ပိဿာ (၁၆၀၀၀) ကျပ် နီးပါးရှိနေကြောင်း သိရသည်။

“တန်းစီပြီးဝယ်ဖို့ပဲ၊ အပြင်မှာ ရေသန့်ဘူးနဲ့တောင် မဝယ်နိုင်ဘူး၊ ပုဇွန်နှစ်ကောင်တို့ ဘာတို့ဆို ပိုဝေးတာပေါ့။ အရောင်းဆိုင်တွေမှာပဲ တန်းစီဝယ်နေရတယ်” ဟု စားသုံးဆီ တန်းစီသူ အမျိုးသမီးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်အရောင်းဆိုင်များ၌ အိမ်ထောင်စုတစ်စုလျှင် ဆီငါးဆယ်ကျပ်သားတစ်ဘူးကို ကျပ် (၃၅၀၀) ဝန်းကျင်ဖြင့် ရောင်းချပေးနေခြင်းမျိုးရှိသော်လည်း တန်းစီဝယ်ယူသူများပြားသောကြောင့် အကန့်အသတ်ဖြင့်သာရောင်းချပေးနိုင်သည်ဟုလည်း သိရသည်။

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီကမူ စားအုန်းဆီလက်ကား ရည်ညွှန်းဈေးနှုန်းကို ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုတွေနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်နေပြီး စားအုန်းဆီ အဓိကတင်ပိုနေသည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ဈေးနှုန်း၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်၊ ဘဏ်စရိတ်၊ အခွန်အခများကို ထည့်သွင်းတွက်ချက်ပြီး ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here