Mpox (မျောက်ကျောက်) ရောဂါ သတိပြုနေထိုင်ကြရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေး

0
173

အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားနေသည့် Mpox (မျောက်ကျောက်) ရောဂါနှင့်ပတ်သက်၍ သတိပြုနေထိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနအသိပေးကြေညာထားသည်။

Mpox (မျောက်ကျောက်) ရောဂါသည် လိင်မှတဆင့် ကူးစက်ခြင်း၊ အရေပြားထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံခြင်းတို့ဖြင့် ကူးစက်ခြင်း၊ ရောဂါပိုးကပ်ငြိနေသော အရာဝတ္တုများကို ကိုင်တွယ်ထိတွေ့ခြင်း၊ ရောဂါပိုးကူးစက်ခံရသော တိရစ္ဆာန်နှင့် တိုက်ရိုက်ထိတွေ့ခြင်းတို့ဖြင့် ကူးစက်ခြင်းများအားဖြင့် အဓိက ကူးစက်နိုင်ကြောင်း ဖော်ပြထားသည်။

ပြည်သူလူထုအနေဖြင့် ဖျား၍ မျက်နှာ၊ လက်၊ ခြေထောက်၊ ပါးစပ်နှင့် လိင်အင်္ဂါများတွင် အနီကွက်များနှင့်အတူ အရည်ကြည်ဖုများပေါက်ခြင်း၊ ပြန်ရည်အိတ် (lymph node) များ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ မောပမ်းနွမ်းနယ်ခြင်းအစရှိသော လက္ခဏာများရှိခြ င်း၊ ဖျားခြင်းနှင့် အနီစက်/ အရည်ကြည်ဖုထွက်ခြင်း ရောဂါလက္ခဏာ ခံစားနေရသူများ (အထူးသဖြင့် ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ ဒေသများမှ လွန်ခဲ့သော ၂၁ ရက်အတွင်း ပြန်လာသူများ) နှင့် ထိတွေ့မိခြင်းရှိပါက နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်းခရီးသွားခြင်းကို ရှောင်ကြဉ်သင့်ပြီး နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့၍ ကုသမှုခံယူကြရန် အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် Mpox (မျောက်ကျောက်) ရောဂါ သံသယလက္ခဏာခံစားနေရသူနှင့် အနီးကပ်ထိတွေ့မှုကို ရှောင်ကြဉ်ခြင်း၊ အနီးကပ်ထိတွေ့မှုကို ရှောင်လွှဲ၍မရပါက လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်းစည်း (mask) ကို တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာနှင့် ရေ (သို့မဟုတ်) ရေမလိုလက်သန့်ဆေးရည် အသုံးပြု၍ စနစ်တကျ ဆေးကြောခြင်း၊ သံသယရောဂါလက္ခဏာခံစားနေရသူ၏ အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ရာတွင် လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းတို့ဖြင့် ရောဂါကူးစက်မှုမှ ကာကွယ်နိုင်မည်ဖြစ်သည်။

၂၀၂၄ ခုနှစ်အတွင်း ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ (DRC) နှင့် အာဖရိကတိုက်ရှိ နိုင်ငံများတွင် Mpox (မျောက်ကျောက်) ရောဂါ ကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာခြင်း၊ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းတွင် ရောဂါပိုးမျိုးကွဲအသစ် (Clade Ib) လျင်မြန်စွာ ကူးစက်ပျံ့နှံ့လာပြီး နယ်စပ်ဖြတ်ကျော်နှင့် နိုင်ငံတကာကူးစက်ပျံ့နှံ့မှုများ ရှိနေခြင်းတို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ (၂၀၂၄) ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်တွင် Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here