ကလေးငယ်များအနာဂတ်အတွက် ဆက်လက်ပညာသင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ဥရောပသမဂ္ဂ အသိပေး ဥရောပသမဂ္ဂအဖွဲ့ အသိပေး

0
94

ကမ္ဘာ့လူသားချင်းစာနာမှုနေ့တွင် ကလေးငယ်များ၏ အနာဂတ်အတွက် ဆက်လက်ပညာသင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့က အသိပေးထားသည်။

ယနေ့ ဩဂုတ် (၁၉) ရက်တွင် ကျရောက်သည့် ကမ္ဘာ့လူသားချင်းစာနာမှုနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့က ထိုသို့ အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏ အသိပေးချက်တွင် ပံ့ပိုးကူညီမှု လိုအပ်နေသည့် အခြားနယ်ပယ်များရှိသည့်အနက် ကလေးများ ဆက်လက်ပညာသင်နိုင်ဖို့နှင့် ပိုမိုကောင်းမွန်သည့်အနာဂတ် မျှော်လင့်ချက်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။

မြန်မာနိုင်ငံ၌ လက်နက်ကိုင် ပဋိပက္ခများပျံ့နှံ့လာသည်အမျှ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကျပ်အတည်းများ ရှိလာနေကြောင်းနှင့် ပဋိပက္ခကြောင့် ကြောက်ရွံ့မှုနှင့် မလုံခြုံမှုများသည် ပိုမိုဆိုးရွားလာနေပြီး အထူးသဖြင့် ကလေးများအတွက် စိန်ခေါ်မှုများရင်ဆိုင်နေကြရကြောင်း ဖော်ပြထားသည်။

ထို့ပြင် အိုးမဲ့အိမ်မဲ့ အရပ်သား ၃.၃ သန်းကျော်မှာ အခြေခံလိုအပ်ချက်များရှိနေပြီး ပဋိပက္ခများအကြား အကူအညီ လိုအပ်နေသူများကို နေ့စဉ် ထောက်ပံ့ကူညီပေးနေကြသည့် လူသားချင်းစာနာသူ ဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများကို ကျေးဇူးတင်ကြောင်း ဆိုသည်။

အလားတူ မြန်မာနိုင်ငံအတွင်းရှိ ကလေးများ ပညာသင်ကြားနိုင်ရေးအတွက် ဆရာ၊ ဆရာမများကို အကူအညီပေး အပ်လျက်ရှိကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကနဦးခွဲဝေထောက်ပံ့မှုမှာ ယူရို ၁၉ ဒသမ ၂ သန်း အမြင့်ဆုံး ကနဦးခွဲဝေပေးခဲ့ကြောင်းနှင့် ယမန်နှစ်အတွင်း ကနဦးခွဲဝေသုံးစွဲမှုသည် ယူရို ၁၇ ဒသမ ၃ သန်းဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ အသိပေးချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here