ဗီယက်နမ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်တွင် နှစ်နိုင်ငံ သဘောတူညီစာချုပ် ၁၄ ခု လက်မှတ်ထိုး

0
86
Chinese President Xi Jinping (R) and Vietnam President To Lam shake hands after a signing ceremony at the Great Hall of the People in Beijing on August 19, 2024. (Photo by ANDRES MARTINEZ CASARES / POOL / AFP)

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဗီယက်နမ်ခေါင်းဆောင်သစ် တူလမ်တို့ သည် မြို့တော် ပေကျင်းတွင် တွေ့ဆုံခဲ့ကြပြီးနောက် တရုတ်နိုင်ငံနှင့် ဗီယက်နမ်တို့အကြား နယ်စပ်ဖြတ်ကျော် ရထားလမ်းမှအစပြု၍ မိကျောင်းတင်ပို့မှုအထိတိုင်အောင်ပါဝင်သော စာချုပ်စာတမ်း ၁၄ ခုကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

လမ်၏ ခရီးစဉ်သည် ယခုလအစောပိုင်းတွင်ပါတီအကြီးအကဲအဖြစ် ခန့်အပ်ခံရပြီးနောက်ပိုင်း ပထမဆုံးပြည်ပခရီးဖြစ်သည်။ အိမ်နီချင်း ကွန်မြူနစ် နှစ်နိုင်ငံအကြား တောင်တရုတ်ပင်လယ်တွင် နယ်နိမိတ်ဆိုင်ရာ ကတောက်တဆဖြစ်မှု ရံဖန်ရံခါ ရှိနေသော်ငြားလည်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုမြင့်တက်နေသောကြောင့် ဆက်ဆံရေး အားကောင်းလိုသည့် သဘောထားများရှိနေသည်ကို လမ်၏ ခရီးစဉ်က ပြသခဲ့သည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်ကို ၎င်း၏ အိမ်နီးနားချင်းဆိုင်ရာ သံခင်းတမန်ခင်းတွင် ဦးစားပေးအဖြစ် အမြဲမှတ်ယူကြောင်းနှင့် ပါတီခေါင်းဆောင်မှုကို လိုက်နာ၍ ၎င်းနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဆိုရှယ်လစ်လမ်းကြောင်းကို ကျင့်သုံးခြင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် ဆိုရှယ်လစ်စနစ်ခေတ်မီရေး ကို ထဲထဲဝင်ဝင်ဖော်ဆောင်ရာတွင် ဗီယက်နမ်ကို ထောက်ခံကြောင်း ရှီက ပြောဆိုခဲ့သည်။

လမ်က တရုတ်၊ ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးသည် ဗီယက်နမ်နိုင်ငံ၏ ပြည်ပရေးရာ မူဝါဒတွင် ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ဆိုခဲ့ကာ သူ၏ တရုတ်ခရီးစဉ်သည် ပါတီနှင့် ဗီယက်နမ်အစိုးရတို့က တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို တန်ဖိုးထားသည့် အကြောင်းပင်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

နယ်စပ်ဖြတ်ကျော် ရထားလမ်းများကို အဆင့်မြှင့်တင်ရေးအတွက် ခြေလှမ်းသစ်တစ်ရပ်ဖြစ်ပုံရသည့် နှစ်နိုင်ငံ စံချိန်စံညွှန်းမီ ရထားလမ်းကြောင်းများအတွက် စီမံကိန်းနှင့် ဖြစ်နိုင်ခြေ လေ့လာမှုများဆိုင်ရာ စာရွက်စာတမ်းများကို နှစ်နိုင်ငံတာဝန်ရှိသူများ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ဒီဇင်ဘာလအတွင်းက ရှီ၏ ဗီယက်နမ်နိုင်ငံ ခရီးစဉ်အတွင်း အဆိုပါကိစ္စနှင့်ပတ်သက်၍ ပဏာမ သဘောတူညီချက်များကို လက်မှတ်ရေးထိုးထားခဲ့သည်။

ထို့အပြင် နှစ်နိုင်ငံ ဗဟိုဘဏ်များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ မီဒီယာနှင့် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အုန်းသီး၊ မိကျောင်းနှင့် ဒူရင်းသီးများ သီးခြားခွဲထားကာ စစ်ဆေးခြင်းဆိုင်ရာ စာရွက်စာတမ်းများကိုလည်း လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

Ref: Aol.


LEAVE A REPLY

Please enter your comment!
Please enter your name here