ဝါရှင်တန်နှင့် ဆိုးလ် ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်

0
337

တောင်ကိုရီးယားနှင့် အမေရိကန် တိုက်လေယာဉ်အစင်း ၂၀၀ ကျော်သည် ယခုသီတင်းပတ်တွင် ၂၄ နာရီ လုံးလုံး မရပ်မနားငါးရက်ကြာစစ်ရေးလေ့ကျင့်ရန်စီစဉ်ထားပြီး ယခုလေ့ကျင့်မှုသည် မဟာမိတ်နှစ်နိုင်ငံ လေ့ကျင့်မှုများတွင် ယာဉ်အရေအတွက်အများဆုံး ပါဝင်မှုဖြစ်လာမည်ဟု တောင်ကိုရီးယားလေတပ်က အင်္ဂါနေ့(သြဂုတ် ၂၀) တွင် ပြောဆိုသည်။

ယခုစစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရန်အတွက် တောင်ကိုရီးယားနှင့် အမေရိကစစ်တပ်များ၏ ပူးတွဲအသင့်ဖြစ်မှုကို မြှင့်တင်ရန်ရည်ရွယ်သော နှစ်စဉ်ပြုလုပ်နေကျ Ulchi Freedom Shield လေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟုလည်း ဆိုသည်။

ရန်သူ့လေယာဉ်များကို ကြားဖြတ်တားဆီးခြင်းနှင့် ခရုဇ်ဒုံးကျည်ကာကွယ်ရေးအစီအစဉ်များ ပါဝင်သည့် သဏ္ဍာန်တူ စစ်ရေးလေ့ကျင့်မှုတွင် ခံစစ်ကင်းလှည့်ပျံသန်းမှုများရှိ လေယာဉ်များကို လေကြောင်းတိုက်ပွဲအခြေအနေသို့ လမ်းကြောင်းပြောင်းသည့် လေ့ကျင့်မှုများ ပါဝင်ကြောင်း တောင်ကိုရီးယားလေတပ်က ဆိုသည်။

တောင်ကိုရီးယားတွင် အခြေစိုက်ထားသည့် အမေရိကန် တိုက်လေယာဉ်တပ်ရင်းနှစ်ခုမှ တိုက်လေယာဉ်များသည် ယခုစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ဆောင်ရွက်နေသည်ဟု လေတပ်က ဆိုသည်။ နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားရန်မှ ပူးပေါင်းကာကွယ်ရန်အတွက်ဆိုကာ တောင်ကိုရီးယားတွင် အမေရိကန် တပ်ဖွဲ့ဝင် ၂၈,၅၀၀ တပ်စွဲထားကြောင်း သိရသည်။ 

တနင်္လာနေ့တွင် စတင်ခဲ့ကာ သြဂုတ် ၂၉ ရက်အထိ ပြုလုပ်မည်ဖြစ်သော အဆိုပါ Ulchi Freedom Shield နှစ်စဉ် စစ်ရေးလေ့ကျင့်မှုများသည် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ ကြီးထွားလာစေရန်နှင့် နျူကလီးယားစစ်ပွဲအတွက် အစမ်းလေ့ကျင့်မှုများအဖြစ် မြောက်ကိုရီးယားက ရှုတ်ချခဲ့သည်။

Ref: TBS News


LEAVE A REPLY

Please enter your comment!
Please enter your name here