တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်နှင့်တွေ့ဆုံရာတွင်သူမအားပံ့ပိုးကူညီ​​ပေးရန်အသင့်ဟုဆို

0
166

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ ဂျူလီဘစ်ရှော့တို့သည် အင်္ဂါနေ့(သြဂုတ် ၂၀) က ပေကျင်းတွင် တွေ့ဆုံခဲ့ကြသည်။

ယင်းသို့ တွေ့ဆုံရာ၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ဝမ်ယိက မြန်မာ့အရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ် အခြာအာဏာ၊ လွတ်လပ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နယ်မြေစိုးမိုးမှုကို လေးစားလိုက်နာရန် ကတိပြုထားသကဲ့သို့ ၎င်း၏ ပြည်တွင်းရေးအား ကြားဝင်စွက်ဖက်ခြင်းမပြုရန် သန္နိဋ္ဌာန်ချထားသည့်အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို မြန်မာနိုင်ငံ၏ ကိုယ်ပိုင်နည်းလမ်းဖြင့် ဦးဆောင်ဖြေရှင်းခြင်းအား ထောက်ခံသည်ဟု ပြောဆိုသည်။ ထို့အပြင် မြန်မာ့အရေး၌ အာဆီယံ၏ အခန်းကဏ္ဍကို အဓိကလမ်းကြောင်းတစ်ခုအဖြစ် တရုတ်နိုင်ငံက ထောက်ခံသည်ဟုလည်း ၎င်းက ဆိုခဲ့သည်။

မြန်မာ့အရေးတွင် ကုလအထူးသံတမန်၏ ထူးခြားသောအခန်းကဏ္ဍကို အလေးဂရုပြုကြောင်းနှင့် ဘစ်ရှော့၏ အလုပ်တာဝန်များအတွက် ပံ့ပိုးကူညီမှုများပေးရန် တရုတ်နိုင်ငံက အသင့်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြန်လည်သင့်မြတ်ရေး၊ ရေရှည်တည်တံ့သော ငြိမ်းချမ်း တည်ငြိမ်ရေးတို့ ရရှိရေးတွင် အပြုသဘောဆောင်သော ကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း ဝမ်က ပြောဆိုခဲ့သည်။

မြန်မာ့ပြဿနာကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းရာတွင် အများသဘောတူမျှမှုရရှိရေးအတွက် တရုတ်နိုင်ငံ၊ အာဆီယံတို့နှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေး၊ ဆက်ဆံရေးနီးကပ်စေရေး သူ့အနေဖြင့် ဆန္ဒရှိပါကြောင်း ဘစ်ရှော့က ပြန်လည်ဆွေးနွေးပြောဆိုခဲ့သည်ဟု သိရသည်။

Ref: ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here