တစ်ဒေါ်လာ ၃၄၀၀ ကျပ် ဝန်းကျင်ဖြင့် ဗဟိုဘဏ်က ဒေါ်လာ ထုတ်ရောင်းပြီးနောက် ဈေးကွက်အတွင်း တစ်ဒေါ်လာ ၆၀၀၀ ကျပ်အောက်ကျဆင်း

0
346

ပြီးခဲ့သည့် နှစ်ရက်အတွင်း ဗဟိုဘဏ်က စက်သုံးဆီ လုပ်ငန်းရှင်များအား တစ်ဒေါ်လာ (၃၄၀၀) ကျပ်ဝန်းကျင်ဖြင့် ဒေါ်လာ သန်း(၁၀၀) ဝန်းကျင် ထုတ်ရောင်းပေးခဲ့သည့်နောက် ဈေးကွက်အတွင်း အဆမတန်မြင့်တက်နေသည့် ဒေါ်လာဈေးနှုန်းမှာ တစ်ဒေါ်လာ ၆၀၀၀ ကျပ်အောက်ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဗဟိုဘဏ်မှ နှစ်ရက်အတွင်း တစ်ဒေါ်လာ (၃၄၀၀)ကျပ် ဝန်းကျင်ဖြင့် ဒေါ်လာ (၉၉) သန်းကျော်ထုတ်ရောင်းပေးပြီး လက်ရှိပြင်ပငွေကြေးဈေးကွက်အတွင်း တစ်ဒေါ်လာ (၅၈၀၀) ကျပ် အောက်ထိ ကျဆင်းခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက ဒေါ်လာဈေးနှင့်အပြိုင်လိုက်တက်ခဲ့သည့် ထိုင်းဘတ်နှင့် တရုတ်ယွမ်ဈေးများလည်း ပြန်လည်ကျဆင်းခဲ့ရာ တစ်ဘတ်လျှင် (၁၆၈) ကျပ်နှင့် တရုတ်ယွမ်ငွေ တစ်ယွမ်လျှင် (၈၀၅) ကျပ်ထိ ကျဆင်းလာခဲ့ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် AD လိုင်စင်ရဘဏ်များ၊ ပို့ကုန်/သွင်း ကုန်လုပ်ငန်းရှင်များ ပါဝင်သည့် FX Market Online Trading Platform မှတဆင့် ပြီးသည့် နှစ်ရက်တွင် ဒေါ်လာ ၉၉ သန်းကျော် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ နိုင်ငံခြားငွေကြေးဈေးနှုန်းများ ပြန်လည်ကျဆင်းလာသော်လည်း ပြည်တွင်း၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ ဆေးဝါးနှင့် လူသုံးကုန်ဈေးများ၊ စက်သုံးဆီ နှင့် စားသုံးဆီဈေးနှုန်းများမှာ ပြန်လည်ကျဆင်းမှုမရှိဘဲ ငွေဈေး အကြောင်းပြကာ ဆက်လက် မြင့်တက်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here