ဖားကန့်တွင် စက်သုံးဆီ တစ်လီတာ (၁၀,၀၀၀) ကျပ်အထိ ပေးဝယ်နေရ ဟုဆို

0
270

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းစက်သုံးဆီ တစ်လီတာလျှင် ကျပ် (၁၀,၀၀၀)အထိ ပေးဝယ်နေရပြီး အဆိုပါဈေးနှုန်းသည် ဩဂုတ်(၂၀)ရက်နေ့အထိ ပေါက်ဈေးဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

ယင်းကဲ့သို့ စက်သုံးဆီ တစ်လီတာ ကျပ်(၁၀,၀၀၀) အထိပေးဝယ်နေရသော်လည်း စက်သုံးဆီပြတ်လပ်မှုများကြုံတွေ့နေရသည့်အတွက် လိုသလောက်ဝယ်ယူ၍ မရကြောင်းလည်း သိရသည်။

ထို့ပြင် ဖားကန့်ဒေသအတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး လမ်းပိုင်းအချို့ဖြတ်သန်းသွားလာခွင့် ပိတ်ထားဆဲဖြစ်ပြီး အင်တာနက်နှင့် ဖုန်းဆက်သွယ်မှုလိုင်းများလည်း ပြတ်တောက်နေဆဲဖြစ်ကြောင်း သိရသည်။

“ဆီဆိုင်အချို့တော့ ဖွင့်တယ်ဆိုပေမယ့် ခွဲတမ်းနဲ့ပဲရတယ်။ ဆိုင်အတော်များများလည်း ပိတ်ထားတယ်။ အခုက ဆက်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ထားတော့ စက်သုံးဆီတင်မဟုတ်ဘူး။ ကုန်ဈေးနှုန်းတွေပါ တက်နေတာ”ဟု အဆိုပါ ဒေသခံသတင်းအရင်းမြစ်က ပြောသည်။

ဖားကန့်မြို့နယ်အတွင်း လိုအပ်သည့် အခြေခံစားကုန်များကို မှာယူရာ၌ ဖုန်းလိုင်းနှင့် အင်တာနက်များမရရှိခြင်းကြောင့် မြစ်ပြီးနားမြို့အထိ သွားရောက်ဝယ်ယူနေပြီး၊ ဖားကန့် – မြစ်ကြီးနား ယာဉ်စီးခမှာ တစ်ဦးလျှင်ကျပ်တစ်သိန်းဝန်းကျင်အထိရှိကြောင်း သိရသည်။

“အားလုံးဖြတ်တောက်ထားတော့ သူနဲ့ ဆက်စပ်လုပ်ငန်းတွေ ၊ ဒေသထဲက အခြေခံစားကုန်တွေ ပြတ်ကုန်တဲ့သဘောပေါ။ စက်သုံးဆီဈေးကလည်း မြင့်တက်လာတော့ ကုန်ဈေးနှုန်းက အရင်ထက် နှစ်ဆလောက် တက်လာတယ်”ဟု နောက်ထပ် ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၁) ရက်ကစ၍ ကချင်ပြည်နယ် မြို့နယ်အများစုတွင် MPT၊ Ooredoo၊ Mytel၊ Atom ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများတစ်လကြာ ပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here