မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကို ကာကွယ်ရန် ဦးစားပေးကဏ္ဍများ အကောင်အထည်ဖော်ရေး၊ ဘဏ္ဍာငွေကြိုတင်လျာထားရန် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မှာကြား

0
71

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ် ရေကြီးရေလျှံမှုကြောင့် ကမ်းထိန်းနံရံများ၊ ရေထိန်းတံခါးများကို မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများ ဦးစားပေးကဏ္ဍအလိုက် အဓိကနေရာများတွင် အကောင်အထည်ဖော်နိုင်ရေး၊ ဘဏ္ဍာငွေကြိုတင်လျာထားရန် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မှာကြားလိုက်သည်။

ဧရာဝတီမြစ်ရေ မြင့်တက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကွင်းဆင်းစစ်ဆေးလေ့လာရေးအဖွဲ့ဝင်များနှင့် ကြိုတင်ကာကွယ်သွားမည့် လုပ်ငန်းအစီအမံများကို သြဂုတ် (၂၀)ရက်က ဧရာဝတီ ဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့သည် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ၁၉၇၉ ခုနှစ်မှ စတင်၍ နှစ် (၅၀)ကျော်အတွင်း (၃) ကြိမ်ထိ ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ယနေ့ခေတ်တွင် လူဦးရေများပြားလာခြင်းကြောင့် ချောင်းနှင့် ရေနှုတ်မြောင်းများ တိမ်ကောပျောက်ပျက်လာခြင်း၊ နှုန်းမြေပိုချမှုတိုးမြင့်လာခြင်းကြောင့် မြစ်ကြမ်းပြင် မြင့်တက်လာခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အလားတူဖြစ်ရပ်မျိုးပေါ်ပေါက်ပါက မြို့တစ်ခုလုံးရေကြီးနစ်မြှုပ်ကို ရင်ဆိုင်ရမည်ဖြစ်ရာ မြစ်ရေကြီးမြင့်မှု ဖြစ်စဉ်/ ဖြစ်ရပ်များမှ ကြိုတင်ကာကွယ်နိုင်ရန် ဦးစားပေးကဏ္ဍအလိုက် အဓိကနေရာများတွင် ကမ်းထိန်းနံရံများ၊ ရေထိန်းတံခါးများကို မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများအဖြစ် အပိုင်းအလိုက် အကောင်အထည်ဖော်နိုင်ရေး၊ ရေရှည်စီမံကိန်းဖြင့်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဘဏ္ဍာငွေ ကြိုတင်လျာထားရန်လည်း တိုက်တွန်ပြောကြားခဲ့သည်။

ဧရာဝတီမြစ်ရေ ကြီးမြင့်မှုမှာ ၂၀၂၄ ခုနှစ်၊ ဇွန် (၃၀) ရက်နှင့် ဇူလိုင် (၁) ရက်တို့တွင် အမြင့်ဆုံးရေမှတ် (၁၃၀၆)စင်တီမီတာထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ မြိုပေါ် (၂၈) ရပ်ကွက်ရှိသည့်အနက် (၃) ရပ်ကွက်မှအပ ကျန်ရပ်ကွက်များအားလုံး ရေကြီးနစ်မြှုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here