မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမည်ဟု နစက ဥက္ကဌ ပြောကြား

0
170

ယနေ့ သြဂုတ်လ (၂၁) ရက်နေ့၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma jiaသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သံအမတ်ခန့်အပ်လွှာလာ‌ရောက်ပေးအပ်စဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းက တရုတ်စီမံကိန်းများကို အကာအကွယ်ပေးဖို့ တရုတ်သံအမတ်သစ်မှ နစက ဥက္ကဋ္ဌ ထံတောင်းဆိုမှုနှင့်ပတ်သက်၍ နစက ဥက္ကဌက မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့်ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုကို အစွမ်းကုန်ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကာ တရုတ်နိုင်ငံ လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေမည့် မည်သည့်ကိစ္စရပ်ကိုမဆို ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို လွန်စွာအရေးထားပြီး မြန်မာ-တရုတ် ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ကာ နှစ်နိုင်ငံအစဉ်အလာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးသံယောဇဉ်ကို ခိုင်မြဲအောင်မြှင့်တင်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်းအောင် ဖော်ဆောင်လျက်ရှိကြောင်းဆိုသည်။

အလားတူ မြန်မာ-တရုတ် နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်ကို ပထမဦးဆုံး အဆိုပြုခဲ့ကြကြောင်း၊ မူကြီး (၅) ရပ်၏စိတ်ဓာတ်ကို အမြဲတစေလိုက်နာကာ ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်လျက်ရှိကြောင်းပြောကြားခဲ့သည်။

ယနေ့ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Ms. Cao Jing၊ စစ်သံမှူး Senior Colonel Zheng Zijie၊ မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here