တောရိုင်းတိရစ္ဆာန်များနှင့် ပတ်သက်သည့် Keeper Talk အစီအစဉ်တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင်ပြုလုပ်နေ

0
271

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ တောရိုင်းတိရစ္ဆာန်များနှင့်ပတ်သက်သည့် ဗဟုသုတများ၊ အသိပညာအကြောင်းအရာများကို တင်ဆက်ပေးနေသည့် Keeper talk အစီအစဉ် ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို နေ့စဉ်နံနက် (၉) နာရီခွဲမှ ညနေ (၃) နာရီခွဲအတွင်း သက်ဆိုင်ရာတိရစ္ဆာန်များ၏ ခြံဝင်းလှောင်အိမ်များတွင် တင်ဆက်ပေးနေခြင်း ဖြစ်သည်။

Keeper Talk အစီအစဉ်တွင် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူ(Keeper)များက ၎င်းတို့ ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် တောရိုင်းတိရစ္ဆာန်များနှင့်ပတ်သက်သည့် ဗဟုသုတများ၊ အသိပညာအကြောင်းအရာများ၊ တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်မှုသဘာဝနှင့် သဘာဝဂေဟစနစ်တွင် သက်ရှိများမှီတည်ချိတ်ဆက်နေမှုတို့ကို ပညာပေးပြောကြားသွားမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)က အသိပေးထားသည်။

Keeper Talk အစီအစဉ်အား နေ့စဉ်နံနက် (၉) နာရီခွဲတွင် ငှက်ကြီးဝန်ပို၊ နံနက် (၁၀) နာရီခွဲတွင် မျောက်စပ်၊ နံနက် (၁၁) နာရီခွဲတွင် မြင်းကျား၊ မွန်းလွဲ (၁) နာရီခွဲတွင် ဘင်္ဂလားကျား၊ (၂) နာရီခွဲတွင် အာရှဆင်နှင့် (၃) နာရီခွဲတွင် ရွှေသမင်အစရှိသဖြင့် သတ်မှတ်ချိန်အလိုက် သက်ဆိုင်ရာ တိရစ္ဆာန်လေးများ၏ ခြံဝင်းလှောင်အိမ်များတွင် တင်ဆက်ပေးသွားမည်ဖြစ်သည်ဟုလည်း သိရသည်။

Keeper Talk အစီအစဉ်ကို ကြည့်ရှုခြင်းအားဖြင့် တောရိုင်းတိရစ္ဆာန်များနှင့်ပတ်သက်သည့် ဗဟုသုတများ၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အသိအမြင်များတိုးပွားလာနိုင်မည်ဖြစ်၍ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ လာရောက်အပန်းဖြေလည်ပတ်ရင်း Keeper Talk အစီအစဉ်ကို ကြည့်ရှုရန်လည်း တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)က ဖိတ်ခေါ်ထားသည်။

ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်ကို နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၄) နာရီအထိ ဖွင့်လှစ်လျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here