လားရှိုးတွင် အုပ်စုဖွဲ့၍ ခိုးယူခြင်းများ လက်ရှိအချိန်အထိ ဖြစ်ပွားနေပြီး မျက်မြင်တွေ့ရှိသော်လည်း ရန်ပြုမည်ကိုစိုးရိမ်သဖြင့် နှုတ်ဆိတ်နေရဟု ဆို

0
114

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် လူမနေသောအိမ်များ၊အစွန်ကျသော နေရာများတွင် ဖောက်ထွင်း၍ပစ္စည်းများ ယူနေကြဆဲအခြေအနေဖြစ်သည်။

အမျိုးသမီးတစ်ဦး က ယမန်နေ့ ဩဂုတ်(၂၁)ရက်နေ့အထိ လားရှိုးမြို့၏ အခြေအနေနှင့်ပတ်သက်၍
” ညနေဘက်(၅)နာရီလောက်ဆိုခွေးတွေက အူပြီး ဘယ်သူမှမထွက်တော့ဘူး။နေရာတိုင်းမှာတော့ စုတ်ပြတ်သတ်နေတာတွေလည်းတွေ့ရတယ်။ သူခိုးတွေကတော့ ပက်ပက်စက်စက် ခိုးနေတယ်။ လားရှိုးမိုတယ်က ခုံတွေလည်း ခိုးသွားတာ၊ ဘယ်ကိုခိုးသွားသလဲတော့မသိဘူး၊ ကိုယ်မျက်စိရှေ့မှာခိုးသွားတာ။ ဒါပေမယ့်ကိုယ့်ကမပြောရဲဘူး။ အဖွဲ့လိုက်တွေလာတယ်။ ရဲဒင်းတွေ ပုဆိန်တွေနဲ့။ အိမ်တွေကိုဖျက်ပြီးခိုးတယ်။ ကုတင်တိုင်တွေကအစသယ်သွားတာတွေ့ရတယ်။”ဟု ဆိုသည်။

လားရှိုးမြို့အတွင်း MNDAA ၏ စစ်ရေးအုပ်ချုပ်မှုကော်မတီအဖွဲ့က ပြည်သူ့လုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်၍ ခိုးမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုစသည်တို့ကို အရှိန်မြှင့်နှိမ်နင်းနေသော်လည်း ရာဇ၀တ်မှုကျူးလွန်သူများရှိနေသေးကြောင်း ၎င်းတို့၏ လူထုတွေ့ဆုံပွဲအတွင်း ဝန်ခံပြောကြားထားသည်။

လားရှိုးမြို့အတွင်း ပြန်လည်ဝင်ရောက်မည်ဆိုပါက ရပ်ကွက်အလိုက်ပြောင်းလဲဖွဲ့စည်းထားသည့် အုပ်ချုပ်ရေးမှူးအဖွဲ့သို့ သတင်းပို့ရပြီး၊ ထိုအုပ်ချုပ်ရေးမှူးအများစုသည် တရုတ်စကားဖြင့်သာ နားလည်ပြီး အချို့မှာ ရှမ်းစကားသာတတ်ကြောင်း ဆိုသည်။

မြို့တွင်းတွင် ကုန်ဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေပြီး ပဲသီးတစ်စီးလျှင်ကျပ်(၂,၀၀၀)၊ ငါးသေတ္တာဗူးအသေး တစ်ဗူးလျှင့် ကျပ်(၆,၀၀၀)အထိ မြင့်တက်နေကာ၊ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၁၀,၀၀၀)မှ (၁၅,၀၀၀)ဝန်းကျင်အထိ သတ်မှတ်ဈေးနှုန်းမရှိဘဲ အဆင်ပြေသလိုရောင်းချနေကြသည်ကိုတွေ့ရကြောင်း ဆိုသည်။

လားရှိုးဒေသခံစစ်ရှောင်များအနေဖြင့် နေရပ်ပြန်မည်ဆိုပါက မိမိတို့ကိုယ်တိုင်ဆုံးဖြတ်ရန်နှင့် MNDAA အနေဖြင့် နှုတ်ဖြင့်သာ ၎င်းတို့၏ မူဝါဒကို ချပြနေပြီး၊ လက်ရှိ မြေပြင်တွင်အကောင်အထည် ဖော်ဆောင်မှုအားနည်းနေသေးသည်ဟု နောက်ထပ်‌လားရှိုးမြို့ဒေသခံတစ်ဦးက ပြောသည်။

လားရှိုးသို့ခေတ္တပြန်သည့်စစ်ရှောင်တစ်ဦးက ” ကျနော် တောင်ကြီးဖက်ကနေ ဆိုင်ကယ်နဲ့ လားရှိုးဝင်တော့ ရှမ်းလိုကောင်းကောင်းပြောဝင်လို့ မှတ်ပုံတင်တောင်းမကြည့်ကြဘူး။ကျနော်က ၁၃/ တော့မဟုတ်ဘူး။တရုတ်လိုလည်း ရတယ်၊နယ်မြေအကြောင်းလည်းကျွမ်းနေတော့ လားရှိုးအဝင် မခက်လိုက်ဖူး” ဟုဆိုသည်။

အထူးဒေသ (၁)အတွင်း ကွမ်းလုံ၊ နားတီး၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ချင်းရွှေဟော် စသည့်မြို့များ ပါဝင်ပြီး ၊ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း သိန္နီနှင့် လားရှိုးမြို့ကို MNDAA က အထူးဒေသ (၁) အတွင်း ပြန်ပေါင်းထည့်ခြင်းဖြစ်ကြောင်း MNDAA နှင့် နီးစပ်သူ အမျိုးသားတစ်ဦး၏ ပြောကြားချက်အပေါ် ဒေသတွင်းသတင်းဌာနတွင်ဖော်ပြထားသည်ကိုတွေ့ရသည်။

လက်ရှိ လားရှိုးမြို့၌ တိုက်ပွဲဖြစ်စဉ်ကာလက ကျန်ရှိနေသောဒေသခံအချို့နှင့်ပြန်လည်ဝင်ရောက်လာသူ အနည်းငယ်သာရှိနေသေးပြီး၊ အများစုမှာ တောင်ကြီး၊ မန္တလေး၊ ရန်ကုန်နှင့် အနီးပတ်ဝန်းကျင် မြို့ငယ်အချို့တွင် ခိုလှုံနေကြသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here