နေပြည်တော်က လုံခြုံရေးတပ်ဖွဲ့ဝင်များကို သွေးတိုးစမ်းနေသည့် သူခိုး(၂) ဦး လှည့်ကင်းနှင့်တိုး၍ အဖမ်းခံရပြန်

0
319

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ လျှပ်စစ်မီးကြိုးများ အပါဝင် ကွန်ပရက်ဆာ၊ မော်တာနှင့် ရေမော်တာများ ခိုးယူသူ အမျိုးသား (၂) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပုဗ္ဗသီရိမြို့နယ်၊ ထုံးဖိုမြို့မရဲစခန်းမှ သိရသည်။

ပုဗ္ဗသီရိမြို့နယ်၊ ထုံးဖိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဩဂုတ်(၂၀) ရက်၊ ည (၁၀)နာရီခွဲအချိန်က နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး သက်သေများနှင့်အတူ လှည့်ကင်းဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ လှည့်ကင်းလှည့်နေစဉ် ပုဗ္ဗသီရိမြို့နယ်၊ ညဈေးအနီး ဇော်ဂျီလမ်းပေါ်တွင် အမျိုးသား (၂) ဦးအား မသင်္ကာဖွယ်တွေ့ရှိ စစ်ဆေးခဲ့ရာ ၎င်းတို့ထံမှ အဖြူရောင် ကြွပ်ကြွပ်အိတ်အတွင်း လျှပ်စစ်မီးကြိုး(ကြေးကြိုး) ဖြတ်စ (၅၀)ကျပ်သားခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးချက်အရ လျှပ်စစ်မီးကြိုးများအား ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်းမှ ဖြတ်တောက်ခိုးယူခဲ့ခြင်းဖြစ်ပြီး ၎င်းအပြင် ကွန်ပရက်ဆာ (၁) လုံး၊ မော်တာ (၁) လုံးနှင့် ရေမော်တာ (၁) လုံး တို့အားခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

၎င်းတို့(၂)ဦးမှာ တပင်ရွှေထီး ရပ်ကွက်နေ နေထက်လင်း(ခ) ဘဂျစ်၊ အသက် (၁၉) နှစ်၊ (ဘ)ဦးလင်းလင်းနှင့် ကျည်တောင်ကန် (၁)ရပ်ကွက်နေ ရဲထက်ပိုင်(ခ)ညိုလေး၊ အသက် (၂၂) နှစ်၊ (ဘ)ဦးညိုကြီးတို့ဖြစ်ပြီး ခိုးရာပါ ပစ္စည်းများအား နေထက်လင်း (ခ)ဘဂျစ်၏ နေအိမ်တွင် သိမ်းဆည်းထားကြောင်း သိရသဖြင့် သက်သေခံပစ္စည်းများအား သွားရောက်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ဖမ်းဆီးရမိသူ နေထက်လင်း(ခ)ဘဂျစ်နှင့် ရဲထက်ပိုင်(ခ) ညိုလေးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး အမှုရေးဖွင့်ပြီး ဆက်စပ်ပြစ်မှုများကျူးလွန်ထားခြင်း ရှိ/မရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

အလားတူ သြဂုတ် (၁၉) ရက်ကလည်း တပ်ကုန်းမြို့နယ်အတွင်း မြေအောက်ကေဘယ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား တစ်ဦးအား မြေအောက်ကေဘယ်မီးကြိုးဖြတ်စခွေ (၁၆)ခွေ အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဘုရားကုန်းမြို့မ ရဲစခန်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here