သီရိလင်္ကာက ၃၅ နိုင်ငံကို ဗီဇာ ကင်းလွတ်ခွင့်ပြု

0
472

နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်နှင့် အကျပ်အတည်းဒဏ်ခံခဲ့ရသော စီးပွားရေးကဏ္ဍ က ပြန်လည်နာလန်ထူနိုင်ရန် ကြိုးပမ်းမှု အနေဖြင့် သီရိလင်္ကာအစိုးရအဖွဲ့သည် တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံမှ ခရီးသွားများကို ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြုလိုက်ပြီဟု အစိုးရထိပ်တန်းအရာရှိတစ်ဦးက ကြာသပတေးနေ့ (သြဂုတ် ၂၂) တွင် ပြောသည်။

အောက်တိုဘာ ၁ ရက်တွင် စတင်မည့် ၆ လကြာ ရှေ့ပြေးအစီအစဉ်အရ ခရီးသွားများကို ရက် ၃၀ ဗီဇာကို ပေးသွားမှာဖြစ်ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်သည့် ပို့ဆောင်ရေးဝန်ကြီး ဘန်ဒူလာ ဂူနာဝါဒနာက ပြောဆိုခဲ့သည်။

အစိုးရအနေဖြင့် သီရိလင်္ကာနိုင်ငံကို စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံများကဲ့သို့ ဗီဇာကင်းလွတ်နိုင်ငံတစ်ခုအဖြစ် အသွင်ပြောင်း၍ လျင်မြန်စွာ တိုးတက်လာနေသော ခရီးသွားလုပ်ငန်း၏ အကျိုးကျေးဇူးများကို အသုံးချနိုင်ရန် ရည်ရွယ်သည်ဟု အစိုးရအဖွဲ့၏ အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် ဂူနာဝါဒနာက သတင်းထောက်များအား ပြော ကြား ခဲ့သည်။

တိုးချဲ့လိုက်သည့် ဗီဇာကင်းလွတ်ခွင့်ပြု နိုင်ငံများစာရင်းတွင် အိန္ဒိယ၊ တရုတ်၊ ဗြိတိန်၊ ဂျာမနီ၊ နယ်သာလန်၊ ဘယ်ဂျမ်၊ စပိန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ ပိုလန်၊ ကာဇက်စတန်၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ နီပေါ၊ အင်ဒိုနီးရှား၊ ရုရှား၊ ထိုင်း၊ မလေးရှား၊ ဂျပန်နှင့် ပြင်သစ်နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။

ကမ်းခြေများ၊ ရှေးဟောင်းဘုရားကျောင်းများနှင့် ရနံ့မွှေးကြိုင်သော လက်ဖက်ရည်တို့ကြောင့် ကျော်ကြားသည့် လူဦးရေ ၂၂ သန်းနေထိုင်ရာ နိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ထိခိုက်စေခဲ့သည့်အပြင် ၂၀၂၂ ခုနှစ်တွင် ပြင်းထန်သော ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ပွားခဲ့မှုကြောင့် ကြီးမားသော ဆန္ဒပြမှုများ၊ လောင်စာဆီကဲ့သို့ မရှိမဖြစ် ကုန်ပစ္စည်းများ ပြတ်လပ်မှုဖြစ်ပေါ်စေခဲ့သည်။

သို့ရာတွင် ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သြဂုတ်လလယ်အထိ ခရီးသွားလာရောက်မှု ၂ သန်းနီးပါးရှိခဲ့သဖြင့် နိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် အကျိုးကျေးဇူးများကို စတင်ခံစားလာရသည်။ နှစ်ကုန်ပိုင်းအထိဆိုလျှင် ခရီးသွားလာရောက်မှု ၂ ဒသမ ၃ သန်းရှိနိုင်သည်ဟု သီရိလင်္ကာနိုင်ငံက မျှော်မှန်းထားသည်။

သီရိလင်္ကာ ဖွံ့ဖြိုးတိုးတက်ရေး ဌာန၏ နောက်ဆုံးထုတ်ပြန်ခဲ့သော အချက်အလက်များအရ အိန္ဒိယခရီးသွားဝင်ရောက်မှုသည် ၂၄၆,၉၂၂ ဦးဖြင့် အများဆုံးဖြစ်ကာ ဗြိတိန်က ၁၂၃,၉၉၂ ဦးဖြင့် ဒုတိယလိုက်ကြောင်း သိရသည်။

Ref: တီဘီအက်စ်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here