ဝါသီးနှံ ဧက ၇သိန်း စိုက်ပျိုးနိုင်ရေးကြိုးပမ်းနေရာ စပ်မျိုးချည်မျှင်ရှည်ဝါ ကိုလည်း စိုက်ဧက၏ ၁၀ရာခိုင်နူန်းစိုက်မည်

0
212

ပြည်တွင်းထုတ်ဝါများမှ ချည်ချောထုတ်လုပ်နိုင်ရေးနှင့် ယခင်ကစိုက်ပျိုးခဲ့သည့် ဝါသီးနှံစိုက်ပျိုးဧရိယာပြည့် ဧကခုနစ်သိန်း ပြန်လည်စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက်တောင်သူများကို မျိုး၊ နည်းပညာ၊ သွင်းအားစုများ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး အစီအစဉ်များကို ဆွေးနွေးနေကြသည်။

ပြည်တွင်းအထည်အလိပ်စက်ရုံများအတွက် လိုအပ်သည့် ဂွမ်းမွေးအရည်အသွေး ထုတ်လုပ်ပေးနိုင်စေရန် ပြည်ပဝါမျိုးများ ပြောင်းလဲ စိုက်ပျိုးနိုင်ရေးကိုပါ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အရည်အသွေးကောင်း စပ်မျိုးချည်မျှင်ရှည်ဝါကို ဝါသီးနှံစိုက်ဧရိယာ၏ ၁၀ ရာနှုန်း စိုက်ပျိုးရန်ဆောင်ရွက်လျက်ရှိပြီး ရေရှည်တွင် ပြည်တွင်းမျိုး ၈၀ ရာနှုန်းနှင့် ပြည်ပမျိုး စပ်မျိုးချည်မျှင်ရှည်ဝါ ၂၀ ရာနှုန်းစိုက်ပျိုးထုတ် လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဆိုသည်။

ယခု ၂၀၂၄ -၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်တွင်ဝါသီးနှံ ဧက ခုနှစ်သိန်း စိုက်ပျိုးထုတ်လုပ်နိုင်ရေးကြိုးပမ်းနေကြောင်း သိရသည်။

ထို့ပြင် သီးနှံဈေးနှုန်း မှန်ကန်စွာရရှိမှသာ အရည်အသွေးကောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကို လက်တွေ့ဖော်ဆောင်နိုင်မည်ဖြစ်၍ ဝါလုပ်ငန်းရှင်များ၊ ဝါကြိတ်စက်ပိုင်ရှင်များ၊ အဝယ်တော်များနှင့် တောင်သူများအကြား A- Grade, B -Grade , C-Grade စသည့် အရည်အသွေးကို အခြေခံသည့် ဈေးကွက်ဖော်ဆောင်နိုင်ရေး ညှိနှိုင်းကြပ်မတ်ပေးရန် လိုအပ်ကြောင်းလည်း ၎င်းကဆိုသည်။

ယမန်နှစ်တွင် အခြေအနေအမျိုးမျိုးကြောင့် သတ်မှတ်ဧကပြည့်မီစွာ စိုက်ပျိုးနိုင်ခဲ့ခြင်းမရှိသော်လည်း ယခုနှစ်အတွက် လျာထားဧကပြည့် အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းကြရန်၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုနှင့် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုအပေါ် ဒေသအခြေအနေကို အခြေခံ ၍ ပြန်လည်ကုစားနိုင်မည့်နည်းလမ်းကို တောင်သူများ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက်ရန် ပြည် ထောင်စု ဝန်ကြီးက တိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here