မျောက်ကျောက်ရောဂါစောင့်ကြည့်မှုအနေဖြင့် ပြည်ပမှ ပြန်ဝင်လာသူများ ခရီးသွားရာဇဝင် ဖြည့်ရမည်

0
188

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာထားသည့် မျောက်ကျောက်ရောဂါ Mpox နှင့်ပတ်သက်၍ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့် ပြည်ပမှပြန်လာသူများ ခရီးသွားရာဇဝင် ဖြည့်ရမည်ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က ထုတ်ပြန်အသိပေးထားသည်။

ထိုခရီးသွား ရာဇဝင်သည် ကျန်းမာရေးဆိုင်ရာ အချက်အလက် ဖြည့်သွင်းမှု (HDCs) ဖောင်ပုံစံသစ်ဖြစ်ကာ မြန်မာနိုင်ငံထဲသို့ ဝင်ရောက်လာမည့် သူများအတွက် လေကြောင်း ၊ ရေကြောင်းနှင့် နယ်စပ်ဂိတ် စသည့် ပြည်တွင်းပြည်ပ အဝင်အထွက်နေရာများမှာ ဖြန့်ဝေပေးထားမည် ဟု သိရသည်။

သက်ဆိုင်ရာ ဝင်ပေါက်ရှိ လူဝင်မှုကြီးကြပ်ရေးကောင်တာများကိုမဖြတ်သန်းခင် လေဆိပ်ရှိ ကျန်းမာရေးဝန်ထမ်းများထံ အချက်အလက်ဖြည့်စွက်ပြီး ကျန်းမာရေးကောင်တာများ၌ ပေးအပ်ခဲ့ရမည်ဟု ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း မျောက်ကျောက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ ဩဂုတ်လ (၂၂) ရက်မှ စတင်ကာ ရန်ကုန်လေဆိပ်အပါအဝင် နိုင်ငံတကာလေဆိပ်များနှင့် နယ်စပ်ဝင်/ထွက်ပေါက်များတွင် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေခြင်းဖြစ်သည်။

လက်ရှိတွင် သြဂုတ်လ (၂၁) ရက်၌ ထိုင်းနိုင်ငံအတွင်း မျောက်ကျောက်ရောဂါ ကူးစက်ထားကြောင်း အတည်ပြုလူနာတွေ့ရှိထားသလို ဖိလစ်ပိုင်နိုင်ငံ၌လည်း အတည်ပြုလူနာတွေ့ရှိထားကြောင်း သတင်းဖော်ပြချက်များအရ သိထားရသည်။

Mpox( မျောက်ကျောက်)ရောဂါ၏ လက္ခဏာများသည် ဖျား၍ မျက်နှာ ၊ လက် ၊ ခြေထောက် ၊ ပါးစပ် နှင့် လိင်အင်္ဂါများ၌ အနီကွက်များနှင့်အတူ အရည်ကြည်ဖုများပေါက်ခြင်း၊ ပြန်ရည်အိတ်ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ မောပန်းနွမ်းနယ်ခြင်း စသည့် လက္ခဏာများရှိကာ လိင်မှတဆင့်ကူးစက်ခြင်း၊ အရေပြားထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင်အနီးကပ်တွေ့ဆုံခြင်း၊ ရောဂါပိုးကပ်ငြိသည့် အရာဝတ္ထုများကို ကိုင်တွယ်ထိတွေ့ခြင်း၊ ရောဂါပိုးကူးစက်ခံရသည့် တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့ခံရခြင်းများမှလည်း အဓိက ကူးစက်နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here