ရှမ်းတောင် မောက်မယ်နှင့် လင်းခေးအကြား လမ်းပိုင်းတွင် တောင်ပြိုကျမှုဖြစ်ပွား

0
183

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နှင့် လင်းခေးမြို့အကြား နမ့်တွန်ရွာအနီးတွင် ယနေ့ ဩဂုတ် (၂၃)ရက် နံနက်ပိုင်းက တောင်ပြိုကျမှုဖြစ်ပွားခဲ့ရာ ယင်းလမ်းပိုင်းပေါ်၌ သွားလာနေသည့် ယာဉ်အချို့ပိတ်ဆို့မှုဖြစ်ပွားလျက်ရှိကြောင်း မောက်မယ်မြို့ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

ယခုလ တတိယပတ်အတွင်း အဆိုပါ ဒေသ၌ မိုးအဆက်မပြတ်ရွာသွန်းခဲ့ခြင်းကြောင့် လမ်းနှုတ်ခမ်းပဲ့ထွက်ခြင်းများဖြစ်ပေါ်ခဲ့ပြီး ယနေ့တွင် တောင်ပြိုကျမှု တစ်ဆက်တည်းဖြစ်ပွားခဲ့ခြင်းလည်းဖြစ်ကြောင်း သိရသည်။

“ဒီလမ်းကတော့ မိုးတွင်းဆို ဖြစ်နေကြပါပဲ။ အခုက မောက်မယ်နဲ့ လင်းခေးသွားတဲ့ လမ်းပိုင်းမှာပါ။ ပြိုကျတဲ့နေရာကို လမ်းရှင်းဖို့ လုပ်နေကြပါပြီ”ဟု အဆိုပါဒေသခံက ပြောသည်။

ထို့ပြင် လင်းခေးမြို့ ၊ မောက်မယ်မြို့ နှင့် မိုးနဲ့မြို့တို့တွင် ယခု ရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားမှုများ ကြုံခဲ့ရကြောင်း သိရသည်။

ယခုလ ဩဂုတ် (၂၂) ရက်တွင် ရှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် မိုးကြီးနိုင်ပြီး တောင်ပြိုခြင်း၊ ရေကြီးခြင်း အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင်က အသိပေးချက် ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here