ဘော့ဆွာနာ၌ ကမ္ဘာ့ဒုတိယ အကြီးဆုံး အရည်အသွေးကောင်းဆုံးစိန်ကိုတူးဖော်ရရှိ

0
108

ဘော့ဆွာနာနိုင်ငံ၌ တူးဖော်ရရှိခဲ့သည့် ၂,၄၉၂ ရတီရှိသည့် စိန်ရိုင်းတုံးသည် ယနေ့အထိ တူးဖော်ဖူးသမျှစိန်များအနက် ကမ္ဘာ့ဒုတိယ အကြီးဆုံး အရည်အသွေးကောင်းစိန်တုံး ဖြစ်လာနိုင်ကြောင်းသိရသည်။

ကနေဒါသတ္တုတူးဖော်ရေးကုမ္ပဏီဖြစ်သည့် Lucara Diamond Corp ကပိုင်ဆိုင်သော Karowe မိုင်းတွင်းမှ အဆိုပါစိန်တုံးကို တူးဖော်ရရှိခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီဥက္ကဌကမူ ယခုကဲ့သို့ ၂,၄၉၂ ရတီရှိသည့် စိန်တုံးကြီးကို တူးဖော်ရရှိခဲ့သည့်အတွက် အလွန်ဝမ်းမြောက်ကြောင်းပြောကြားခဲ့သည်။

ကမ္ဘာ့ပထမ အရည်အသွေးအကောင်းဆုံး စိန်အဖြစ်တူးဖော်ရရှိခဲ့သည့်စိန်မှာ ၃,၁၀၆ ရတီရှိသည့်စိန်ဖြစ်ပြီး တောင်အာဖရိကသည် အင်္ဂလိပ်ကိုလိုနီလက်အောက်ခံဘဝ၌ရှိနေစဉ် ၁၉၀၅ ခုနှစ်ကတည်းကတူးဖော်ရရှိခဲ့သည့်စိန်ဖြစ်သည်။

အဆိုပါစိန်ကို သတ္တမမြောက် အက်ဒွပ် ဘုရင် ကို လက်ဆောင်ပဏ္ဏာအဖြစ်ဆက်သခဲ့ပြီးနောက် ခွဲစိတ်ပိုင်းဖြတ်ကာ အသုံးပြုခဲ့ပြီး ယင်းတို့အနက်အချို့ကို သရဖူတွင်ထည့်သွင်းအသုံးပြုထားသည်ဟုလည်းသိရသည်။ ယခုတူးဖော်ရရှိသည့်စိန်၏တန်ဖိုးမည်မျှရှိကြောင်းနှင့် ခွဲထုတ်အသုံးပြုမပြုကိုမူ ကျောက်မျက်ကုမ္ပဏီဥက္ကဌက ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

ဘော့ဆွာနာသမ္မတကမူ ယခုတူးဖော်ရရှိသည့်စိန်သည် နိုင်ငံတွင်းတူးဖော်ရရှိသမျှစိန်များအနက် အကြီးဆုံးဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

ဘော့ဆွာနာရှိ Karowe မိုင်းတွင်းသည် အရည်အသွေးကောင်းသည့်စိန်များအများဆုံးထွက်လေ့ရှိပြီး ၂၀၁၇ ခုနှစ်က ၁,၁၁၁ ရတီရှိ စိန်ကိုလည်းကောင်း၊၂၀၁၉ ခုနှစ်က ၁,၇၅၈ ရတီရှိ နောက်ထပ်စိန်တစ်တုံးကိုလည်းကောင်း အသီးသီးတူးဖော်ရရှိဖူးသည့် မိုင်းတွင်းတစ်ခုလည်းဖြစ်သည်။

Source : သည်ဂါးဒီယန်း


LEAVE A REPLY

Please enter your comment!
Please enter your name here