ပုဂံအမွေအနှစ်အတွက် အရေးပါခဲ့သည့် ပြင်သစ်ပညာရှင်ဆရာကြီး Dr Pierre Pichard ကွယ်လွန်

0
113

ပုဂံအမွေအနှစ်အတွက် အရေးအပါဆုံး ဗိသုကာပညာရှင်ဆရာကြီး တစ်ဦးဖြစ်သူ ပြင်သစ်နိုင်ငံသား ဆရာကြီးDr Pierre Pichard သည် ဩဂုတ်လ(၂၂)ရက်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

ကွယ်လွန်ချိန်တွင် အသက် (၈၈) နှစ်ရှိပြီဖြစ်ကာ သူနေထိုင်သည့် ပြင်သစ်နိုင်ငံ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဆရာကြီး Dr Pierre Pichard သည် ပုဂံနှင့် ပတ်သက်၍ ဆောင်းပါးများအပြင် အထူးခြားဆုံးအနေဖြင့် ပုဂံ‌အကြောင်း Inventory of Monuments at Bagan က Volume (8) အထိ (၈) အုပ် အထိရေးသားထုတ်ဝေခဲ့သည်။

ထို့အပြင် ပုဂံဒေသရှိစေတီပုထိုး သာသနိက အဆောက်အဦ ၂၀၀၀ ကျော် အတွက် အချက်အလက်ပြုစုပေးသွားနိုင်ခဲ့သလို အဆောက်အဦ အမျိုးအစား၊ အတိုင်းအထွာ၊ ဆောက်လုပ်ပုံ အသေးစိတ်၊ အသုံးပြုပစ္စည်း၊ သုံးထားတဲ့ အုတ်အရွယ်အစား၊ တည်ဆောက်ခုနှစ် ကြွင်းကျန်ရစ်တဲ့ အနုလက်ရာ၊ နရံပန်းချီ စတုရန်းပေတို့ကို စာရင်းကောက်ယူပေးသွားခဲ့နိုင်သည်ဟု မြန်မာနိုင်ငံရှေးဟောင်းသုတေသနဌာနနှင့် ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရန် ကြိုး ပမ်းရာတွင် ပါဝင်ခဲ့သည့် ဒီဇိုင်းမျိုးဆွေသန်း၏ လူမှုကွန်ရက်ကွန်တွင် မျှဝေထားမှု အရလည်း သိရသည်။

ဆရာကြီး Dr Pierre Pichard သည် ပုဂံဘုရားများ ပြုပြင်‌ ရေး၌ ကျွမ်းကျင်ပညာရှင်အဖြစ် ပါဝင်ခဲ့သူဖြစ်သလို ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ပါဝင်ဆော င်ရွက်ခဲ့သူဖြစ်သည်ဟုလည်း သိရသည်။

သူကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြေကွဲရကြောင်း မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာသိန်းလွင်ကလည်း ပြောကြားထားကာ မြန်မာ ရှေးဟောင်းသုတေသနပညာရှင် ဒေါ်ဥမ္မာမျိုးအပါအဝင် ပုဂံကို ချစ်မြတ်နိုးသူများက ဝမ်းနည်းကြောင်း မျှဝေထားကြသည်။

ဓာတ်ပုံများ – Myo Swe Than Facebook


LEAVE A REPLY

Please enter your comment!
Please enter your name here