မြစ်ရေကြီးမှုကြောင့် ပိတ်ခဲ့ရသည့် ဧရာဝတီတိုင်းမှ ကျောင်းအားလုံးနီးပါး ပြန်လည်ဖွင့်လှစ်နိုင်

0
320

ဧရာဝတီတိုင်းဒေသကြီးတွင် မြစ်ရေကြီးမှုကြောင့် ပိတ်ခဲ့ရသည့် ကျောင်းအားလုံးနီးပါး ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ပိတ်ရက်များတွင် ပြန်လည်အစားထိုး သင်ကြားနိုင်ရေးဆွေးနွေးခဲ့ကြောင်း တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ နှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ထိုဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်များ ကောင်းမွန်ရေး၊ ဝမ်းရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို အလေးထား ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် နှစ်စမှပင် တွန်းအားပေး ဆောင်ရွက်နေသည်။

ထို့နောက် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများက အောင်ချက် မြင့်မားရေးကိစ္စများ၊ ယာယီပိတ်ထားသည့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မှု အခြေအနေများနှင့် ပိတ်ရက်များတွင် ပြန်လည်အစားထိုး သင်ကြားနိုင်ရေးများ၊ အားကစားပွဲများ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် လက်ရွေးစင် အားကစားသမားများ ရွေးချယ်နိုင်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်နေမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊ အတီး ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှု အခြေအနေများ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးစသည့် ပညာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here