(၁) မိနစ်ကျော်နှင့် ထိုင်းပြိုင်ဘက်ကို အမှောက်သိပ်လိုက်သည့် မြန်မာ့လက်ဝှေ့ကျော် ဧရာဝတီသား သန့်ဇင်

0
59

ယနေ့ ဩဂုတ်လ (၂၃) ရက် ညတွင် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပနေသည့် ONE Lumpinee 76 ပွဲစဉ်၌ ဒုတိယ ခေါင်တွဲဆိုင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ဝှေ့ကျော် သန့်ဇင်သည် ပြိုင်ဘက် ထိုင်းနိုင်ငံသားကို ပထမအချီ (၁) မိနစ် (၄၀) စက္ကန့်၌ပင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

ပွဲစစချင်း၌ပင် ဘယ်ညာလက်သီး တွဲလုံးများ၊ အားပြင်းသည့် ခြေကန်ချက်များဖြင့် ဖိအားပေးခဲ့သည့်အတွက် ပြိုင်ဘက် ထိုင်းဖိုက်တာ ဖြစ်သူမှာ ပြန်လည်ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့ဘဲ ဒိုင်ပွဲရပ်ခဲ့ရခြင်း ဖြစ်သည်။

ယနေ့ည ကျင်းပသည့် ONE Lumpinee 76 ပွဲစဉ်၌ မြန်မာနိုင်ငံသား လက်ဝှေ့ကျော် (၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ သန့်ဇင်၊ အဲမွီ ၊ သွေးလင်းထက်တို့ အနိုင်ရခဲ့ပြီး ထွန်းမင်းနိုင်နှင့် စစိုးသီဟတို့မှာ ပြိုင်ဘက်အား ရှုံးနိမ့်ခဲ့ကြရသည်။

ONE ၏ ပဲ့ကိုင်ရှင် ချက်ထရီမှ အဲမွီနှင့် သွေးလင်းထက်တို့ကို ဘောနပ် ထိုင်းဘတ် (၃) သိန်းခွဲစီချီးမြှင့်ခဲ့သည်ကိုတွေ့ရပြီး ပထမအချီ၌ပင် အနိုင်ရခဲ့သည့် သန့်ဇင်အား ချီးမြှင့်သည်ကိုတော့မတွေ့ရပေ။

လာမည့် စက်တင်ဘာလတွင်လည်း One နှင့် ဒေါ်လာ (၁) သိန်းတန်စာချုပ်ချုပ်ခွင့်ရထားသည့် သံမဏိစိုးလင်းဦး၏ ပွဲစဉ် ရှိနေသည့်အတွက် ပရိသတ်များ၏ စိတ်ဝင်စားမှုမြင့်တက်နေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here