ဗီယက်နမ်သို့ မြန်မာ့သကြားတန်ချိန် (၁၀၀,၀၀၀) နီးပါး တင်ပို့ထားပြီးဖြစ်

0
140

ပြည်ပသို့ မြန်မာ့သကြားတင်ပို့မှုအနေဖြင့် ဗီယက်နမ်နိုင်ငံသို့ အများဆုံးတင်ပို့လေ့ရှိပြီး ယခုဘဏ္ဍာနှစ်တွင် တန်ချိန် (၁၀၀,၀၀၀) နီးပါး တင်ပို့ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

လက်ရှိတွင် ပြည်တွင်း၌ စားသုံးမှုမြင့်တက်လာသည့်အတွက် သကြားအရောင်းအဝယ်သွက်နေသော်လည်း ဈေးတက်နိုင်ခြေမရှိကြောင်း သကြဈေးနှုန်းမှာ အနိမ့်ဆုံး – ၄၅၀၀၊ အမြင့်ဆုံး – ၄၇၅၀ ဖြစ်ကြောင်း သိရသည်။

” မကြာခင်ကြံရာသီရောက်ရှိတော့မှာဆိုတော့ တောင်သူတွေအနေနဲ့ ပေါင်းသင်တာ၊ မြေဩဇာကျွေးတာ၊ရေသွင်းတာတို့လုပ်ဆောင်ပြီး ကြံအထွက်နှုန်းတိုးအောင် လုပ်ဆောင်ထားမယ်ဆိုရင် တောင်သူတွေအတွက်ဝင်ငွေကောင်းကောင်းရမယ်” ဟု မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။

ထို့ပြင် ပြည်တွင်းစားသုံးမှုနှင့် အထွက်နှုန်းကို ချင့်ချိန်၍ ဗီယက်အပြင် အခြားနိုင်ငံများသို့တင်ပို့သွားရန် စီစဉ်နေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ၂၀၂၃-၂၀၂၄ ကြံရာသီတွင် သကြားဈေးမြင့်တက်လာမှုကြောင့် ကြံတစ်တန် ငွေကျပ် ၁၅၀၀၀၀ ထိတိုးမြင့် ဝယ်ယူခဲ့သည့်အတွက် တောင်သူများအဆင်ပြေကြောင်း သိရသည်။

ပြည်တွင်း၌ ကြံစိုက်ရာသီမှာ ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်မည်ဖြစ်ကာ ကြံများခုတ်ယူ၍ တစ်ပြိုင်နက် ကြိတ်ခွဲမည်ဖြစ်ရာ ကြံသယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန် ကြံကားများကို တာဝန်ယူသည့် စက်ရုံတချို့မှလည်း ပြည်တွင်းစက်သုံးဆီလက်ကား ကုမ္ပဏီများထံမှ တိုက်ရိုက်ဝယ်ယူသည့်အတွက် အဆင်ပြေမှုရှိကြောင်း သိရသည်။

ကြံကို ပြည်တွင်း၌ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၌ အဓိကစိုက်ပျိုးပြီး ပဲခူးတိုင်း ဒေသကြီးအရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့၌ ဒုတိယအများဆုံးစိုက်ပျိုးကာ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၌ အနည်းငယ်စိုက်ပျိုးကြောင်းနှင့် မြန်မာနိုင်ငံတွင် ကြံစိုက်ဧက (၅) သိန်းကျော်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here