သီလဝါဆိပ်ကမ်းနှင့် ပင်လယ်ဝတွင် ဆီတင်သင်္ဘောများ ရောက်ရှိနေပြီဖြစ်၍ ဆီပြတ်မည်ကို စိုးရိမ်ရန်မလိုတော့

0
133

သီလဝါဆိပ်ကမ်းဒေသရှိ Jetty များတွင် သင်္ဘော (၄) စီးရောက်ရှိဆိုက်ကပ်‌ကာ သိုလှောင်ကန်များသို့ ဆီဖြည့်တင်းဆောင်ရွက်နေသည့်အပြင် ပင်လယ်ဝတွင်လည်း ဆီတင်သင်္ဘော (၆) စီးရောက်ရှိ အသင့်စောင့်ဆိုင်းနေကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်တွင်းစက်သုံးဆီကျန်အခြေအနေအရ ဖူလုံစွာဖြန့်ဖြူးနိုင်ရန်အတွက် ပြည်ပမှစက်သုံးဆီတင်သင်္ဘောများအား Shipment Plan အစီအစဉ်အတိုင်း အဆက်မပြတ်ဝင်ရောက်နိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိရာ ဩဂုတ်(၂၂) ရက်တွင် ရန်ကုန်မြစ်ဝ Pilot ၌ ဆီတင်သင်္ဘော (၆)  စီးရောက်ရှိ အသင့်စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

ထို့ပြင် သီလဝါဆိပ်ကမ်းဒေသရှိ Jetty များတွင်လည်း သင်္ဘော (၄) စီးရောက်ရှိဆိုက်ကပ်‌၍ ဒီဇယ်ဆီတန်ချိန် (၇၀၀၀၀) ကျော်နှင့် ဓာတ်ဆီတန်ချိန် (၁၁၀၀၀) တန်ကျော်အားသိုလှောင်ကန်များတွင် ချယူဖြည့်တင်းလျက်ရှိသည့်အပြင် ထပ်မံဝင်ရောက်လာမည့် ဆီတင်သင်္ဘောများလည်းအစီအစဉ်အတိုင်း ဝင်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် တိုင်းဒေသကြီး/ပြည်များသို့ ပို့ဆောင်မည့် ဆီတင်ယာဉ် Bowser များ အချိန်မီထွက်ခွာနိုင်ရေး သီလဝါသို လှောင်ကန်စခန်းများရှိ ဆီဖြည့်တင်းပေးမှုများ အဆင်ပြေချောမွေ့စေရေးတို့ကိုလည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံအနှံ့အပြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းခရီးအခြေအနေအရ စက်သုံးဆီများသယ်ယူပို့ဆောင်မှုပုံမှန်ထက်အနည်းငယ်နှောင့်နှေးကြန့်ကြာမှုကြောင့် အဓိကအားဖြင့် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ စက်သုံးဆီ အရောင်းဆိုင်အချို့တို့တွင် ယာဉ်တန်းစီခြင်းဝယ်ယူမှုဖြစ်ပေါ်ခြင်းအား လျော့နည်းသွားစေရန်နှင့် အရောင်းဆိုင်များတွင် ဆီပြတ်လပ်မှု မရှိစေရန်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ (၁၀၀) ဆိုင်ခန့်၊ ရန်ကုန်တိုင်းဒေသကြီးရှိ (၂၀၀) ဆိုင်ခန့် ၊ မန္တလေးတိုင်းဒေသကြီးရှိ (၇၀၀) ဆိုင်ခန့်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ (၂၅၀) ဆိုင်ခန့်တို့အပါ အဝင် နိုင်ငံအဝှမ်းအရောင်းဆိုင် (၃၀၀၀) ကျော်တို့သို့ ဆီတင်ယာဉ် (၁၀၀၀) ကျော်အထိ တိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် လိုအပ်သည့်အရောင်းဆိုင်များသို့ အရေးပေါ် Urgent နှင့် အထူး Special အစီအစဉ်တို့ဖြင့်လည်း ထပ်တိုးဖြန့်ဖြူးပေးခဲ့ရာ ဩဂုတ် (၂၃) ရက်အထိ ဓာတ်ဆီနှင့်ဒီဇယ်ဆီစုစုပေါင်းဂါလန် (၃) သန်းခန့်ကို ပိုမိုဖြန့်ဖြူးပေးခဲ့သည့်အပြင် ဆီတင်ယာဉ် (Bowser)များအရောင်းဆိုင်များသို့ အချိန်မီရောက်ရှိ ဖြည့်တင်းနိုင်မှုတို့ကြောင့် ယခုရက်ပိုင်းအတွင်းဆီတန်းစီဝယ်ယူမှုများလျော့နည်းကျဆင်းကာ ပုံမှန်ဝယ်ယူမှုအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဆက်တိုးမြှင့်ဖြန့်ဖြူးပေးရန် စီစဉ်လျက်ရှိသည်။

ထို့ပြင် အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီအမယ်လိုက်ဈေးနှုန်းများသည်လည်း ယမန့်နေ့ထက်အသီးသီး လျော့နည်းကျဆင်းလျက်ရှိကြောင်း၊ ပြည်ပမှစက်သုံးဆီများ အဆက်မပြတ်ဝင်ရောက်လျက်ရှိပြီး ကောလဟလများကြောင့် အများပြည်သူများ လိုအပ်သည်ထက်ပိုမို၍ ဝယ်ယူမှုများပြားသည့်အတွက် လိုအပ်သလောက်သာဝယ်ယူကြရန်နှင့်အရေးကြီးအသုံးများသည့် အရောင်းဆိုင်များသို့လည်း ပုံမှန်ဖြန့်ဖြူးမှုထက် ပိုမိုဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here