ရှမ်း/မြောက် ဂုတ်တွင်းလမ်းအား ယနေ့အထိ ဖြတ်သန်းသွားလာခွင့် ပိတ်ထားဆဲဖြစ်ဟု ဆို

0
176

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများစတင် ဖြစ်ပွားချိန်မှစ၍ ယနေ့အချိန်အထိ ကျောက်မဲမြို့နှင့် နောင်ချိုအကြားရှိ ဂုတ်တွင်းလမ်းပိုင်းအား ယာဉ်ဖြတ်သန်းခွင့် ပိတ်ထားဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ ဂုတ်တွင်းလမ်းပိုင်းပိတ်ထားခြင်းကြောင့် ရှမ်းပြည်မြောက်ပိုင်းမှ တောင်ပိုင်းသို့ သွားရာလမ်းများဖြစ်သည့် လားရှိုး – ကျောက်မဲ – နောင်ချို – ကျောက်ဂူ – အင်တော – ရပ်စောက် – တောင်ကြီးသို့ သွားရာ၌ တောလမ်း (ကွင်းလမ်း) များမှတဆင့် သွားလာနေကြရကြောင်း သိရသည်။

ထို့ကြောင့် ယခုကဲ့သို့ မိုးတွင်းကာလ၌ အဆိုပါ တောလမ်း (ကွင်းရှောင်လမ်း) များအတွင်း ယာဉ်များ နွံနစ်ခြင်း၊ လမ်းပိတ်ခြင်းများကြောင့် ဒေသတွင်းခရီးသွားများမကြာခဏ နှစ်ညအိပ် (၃)ရက်ခရီး သွားလာရသည်ဟု ယင်းပိုင်းအတွင်း သွားလာဖူးသူ ‌ခရီးသွားတစ်ဦးက ပြောသည်။

“ဂုတ်တွင်း လမ်းဖြတ်လို့ မရတာကြောင့် ကျောက်မဲကနေ နောင်ပိန်ရွာ အဲဒီကနေ အထက်ရဲရွာလမ်းအတိုင်း တောင်ခြေရွာရောက်မယ်။ ပြီးတော့ ရွာလမ်းတွေ တောလမ်းတွေအတိုင်း ပွတ်အိုင်တွေဖြတ်ပြီး ကျောက်ဂူကို သွားရပါတယ်။ ပွတ်တောထဲက ကားတွေကို လယ်ထွန်စက်တွေနဲ့ ဆွဲထုတ်ပြီး သွားရတာတွေရှိပြီးတော့ ကားလည်းအပျက်အစီး အရမ်းများတာပေါ့”ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှ တောင်ပိုင်းသို့ သွားလာရာ၌ လားရှိုး – နမ့်လန် – မိုင်းကိုင် – လဲချား – ပင်လုံ – တောင်ကြီးလမ်းနှင့် လားရှိုး – ကျောက်မဲ – နောင်ချို – ကျောက်ဂူ – အင်တော – ရပ်စောက် – တောင်ကြီးလမ်း စသည့် ကားလမ်း(၂)လမ်းရှိကြောင်း သိရသည်။

သို့သော် တိုက်ပွဲများကြောင့် လက်ရှိအချိန်အထိ သီပေါ-နမ့်လန်လမ်းကိုလည်း ပုံမှန်အတိုင်း အသုံးပြု၍ မရသေးသကဲ့သို့ ကျောက်မဲ နှင့် နောင်ချိုကြားရှိ ဂုတ်တွင်းလမ်းပိုင်းမှာလည်း ယနေ့အချိန်အထိ သွားလာခွင့်မပြုသေးကြောင်းဆိုသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here