အစိုးရနှင့် ဌာနဆိုင်ရာများ ရုံးစိုက်သည့် နေပြည်တော်လို နေရာ၌ပင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ

0
118

မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် အစိုးရရုံးများနှင့် ဌာနဆိုင်ရာများ ရုံးစိုက်သည့် နေပြည်တော်၌ပင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် နေပြည်တော်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ယနေ့ ဩဂုတ်လ (၂၄) ရက် ၊ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ Ocean Center အတွင်း ရေများဝင်ရောက်ခဲ့သည်အထိ ဖြစ်ပေါ်ခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာသို့ ဥတ္တရသီရိခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၂)စီး၊ မီးသတ်စက်ကလေး (၁)လုံး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဗ္ဗသီရိနယ်မြေမီးသ တ်စခန်းမှ မီးသတ်စက်ကလေး(၁)လုံး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေစုပ်ထုတ်ခြင်း၊ သန့်ရှင်းပေးခြင်း၊ လူနေအိမ်များအတွင်းရှိ ရွှံ့နုန်းများ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်လုပ်ဆောင်ပေးခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျဉ်းမနားမြို့ပေါ်တွင်လည်း ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေရပြီး ကယ်ဆယ်‌ရေးလုပ်ငန်းများ လုပ်ဆောင်နေရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

” မိုးကမနေ့ကတည်းက ရွာတာ မတိတ်ဘူး။ မိုးရွာတာရယ် တောင်ကျချောင်းရေတွေကကျတာရယ်ကြောင့် ရေကြီးတာ။ ပျဉ်းမနားဘက်ပဲ ရေကြီးတာ။ ဒီဘက်တွေက အိမ်အောက်ထိတော့ ရေဝင်တာလောက်ပဲရှိတယ်”ဟု ‌နေပြည်တော်တွင် နေထိုင်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်နေပြည်တော် – ပင်လောင်းလမ်းပေါ်ရှိ ကိုးကွေ့ချောင်းကူးတံတားသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားပြီး ပျက်စီးခဲ့မှုများရှိကြောင်း သိရသည်။

” ရေကြီးချက်ကကြောက်စရာကြီး။ ပျဉ်းမနား ရွာကောက်ကွေ့ဘက်ကအိမ်တွေအကုန်မြုပ်။ ရေစီးတာဆိုတာ ဝေါကနဲ ဝေါကနဲကို နေတာ။ ဒါပထမဦးဆုံးအကြိမ်ပဲ ရေကြီးတာ။ တစ်ခါမှ မကြုံဖူးဘူး။ အိမ်တွေဆိုမျောပါကုန်တာ”ဟု ပျဉ်းမနားမြို့ပေါ်ရှိ ဒေသခံတစ်ဦးက ပြောသည်။

ယင်းအခြေအနေကို ဩဂုတ်လ (၂၃)ရက်တွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် အဖွဲ့ဝင်များသည် သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ ဖြတ်သန်းသွားလာမှုအဆင်ပြေစေရန်အတွက် ယာယီဘေလီတံတား အမြန်တည်ဆောက်ရန်နှင့် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်များနှင့် အဖွဲ့သည် ရေဘေးသင့်ပြည်သူများအား ယာယီရွှေ့ပြောင်းနေရာချထားသည့် ပျဉ်းမနားမြို့၊ စဉ်းအိုးဘိုကျောင်းတိုက် ဓမ္မာရုံနှင့် နံတော်စဉ် ဓမ္မာရုံသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကိုကြည့်ရှုပြီး ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားကာ အာဟာရဖြစ် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here