မိုင်းဖုန်းဆရာတော်ဦးဆောင်၍ NDAA ဥက္ကဌ ဦးစိုင်းလင်းအတွက် ဆုတောင်းမေတ္တာပို့သပွဲပြုလုပ်

0
85

မိုင်းဖုန်းဆရာတော်ကြီးက အွန်လိုင်းမှတဆင့် တရားဓမ္မများအား ဦးဆောင်ဟောကြားကာ ကွယ်လွန်ခဲ့ပြီဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားအထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဌ ဦးစိုင်းလင်းအတွက် ဆုတောင်းမေတ္တာပို့သပွဲပြုလုပ်ခဲ့ကြောင်း ယနေ့တွင် ဈာပန စီမံရေးကော်မတီက အသိပေးထုတ်ပြန်ထားသည်။

ယနေ့ ကော်မတီ၏ အသိပေးချက်တွင် ဥက္ကဌကြီး ဦးစိုင်းလင်း ကွယ်လွန်သွားပြီးနောက် ဒေသအတွင်း/အပြင်ရှိ အလွှာအသီးသီးမှ မိမိတို့၏ သက်ဆိုင်ရာ ယဉ်ကျေးမှုထုံးတမ်းစဉ်လာ နည်းလမ်းများအရ ဥက္ကဌကြီး ဦးစိုင်းလင်းအား လွမ်းဆွတ်တမ်းတသည့် အခမ်း အနားများ ပြုလုပ်ခဲ့ကြပြီး သြဂုတ်လ (၂၂) ရက်နေ့ နံနက်ပိုင်းတွင် အထူးဒေသ(၄) အနီးတစ်ဝိုက်ရှိ နိုင်ငံနှင့် ဒေသများမှ သံဃာတော်အပါး(၁၀၀) တို့သည် ဥက္ကဌကြီး ဦးစိုင်းလင်း၏ ရုပ်ကလာပ်ရှေ့တွင် တရားဓမ္မများ ရွတ်ဖတ်ခဲ့ကြကြောင်း ဆိုသည်။

အလားတူ ဒေသတွင်း ပြည်သူများကလည်း ရေစက်ချ ဆုတောင်းမေတ္တာပို့သခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ မိမိတို့အားလုံးအနေဖြင့် ဥက္ကဌကြီး၏ သဘောထားခံယူချက်များအရ ရည်မှန်းချက်များကို ပြီးမြောက်အောင်အကောင် အထည်ဖော်ကြမည်ဟု သစ္စာအဓိဌာန်ပြုကာ ဥက္ကဌကြီးအတွက် ဆုတောင်းမေတ္တာ ပို့သခဲ့ကြကြောင်း ဆိုသည်။

ထိုသို့ ဆုတောင်းမေတ္တာပို့သပွဲပြုလုပ်ခြင်းသည် ဥက္ကဌကြီး၏ သြဇာသက် ရောက်မှုနှင့် လူထုလူတန်းစား အလွှာအသီးသီး၏ ချစ်ခင်လေးစားမှုကိုအပြည့်အဝရရှိခဲ့သူ တစ်ဦးအဖြစ် ပေါ် လွင်နေသည်ဟု ဖော်ပြထားသည်။

အသက်(၇၆)နှစ်အရွယ် ဦးစိုင်းလင်းသည် ဩဂုတ်(၇)ရက်၊ မြန်မာစံတော် ချိန်(၁၀)နာရီ မိနစ်(၄၀) အချိန်တွင် ၎င်း၏နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ဩဂုတ်(၂၃)ရက်တွင် ၎င်း၏ ဈာပနအား မိုင်းလားမြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here