ထိုင်းဝန်ကြီးချုပ်သစ် ရေဘေးသင့်ဒေသများကို သွားရောက်စစ်ဆေး

0
123

ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာဦးဆောင်သော အစိုးရတာဝန်ရှိသူများသည် ရေဘေးဒဏ်သင့် နန်ပြည်နယ် Muang ခရိုင်ရှိ Ban Phumin-Thalee အရပ်သို့ စနေနေ့တွင် သွားရောက်ကာ ရေဘေးဒုက္ခသည်များနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံ၏ ပြည်နယ် ၇ ခုတွင် အကြီးအကျယ် ရေလွှမ်းမိုးမှုများဖြစ်ခဲ့ပြီး အိမ်ထောင်စု ၂၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း သိရသည်။ နိုင်ငံမြောက်ပိုင်း နန်ပြည်နယ်တွင် မကြာခင်ရက်များက ပျောက်ဆုံးနေခဲ့သူ သုံးဦး၏ ရုပ်အလော-င်းများကို စနေနေ့တွင် တွေ့ရှိခဲ့သည်။

သဘာဝဘေး ကြိုတင်ကာကွယ် ရေးနှင့် လျှော့ချရေးဋ္ဌာန၏ အဆိုအရ စုစုပေါင်း အိမ်ထောင်စု ၂၁,၉၇၁ ခု ရေဘေးသင့်ခဲ့သည်ဟုသိရပြီး လက်ရှိတွင် ရေများပြန်ကျနေခဲ့ပြီဟု ဆိုသည်။

နန်ပြည်နယ်သည် ရေဘေးဒဏ်ကို အဆိုးရွားဆုံးခံခဲ့ရသော ပြည်နယ်ဖြစ်ကာ အိမ်ထောင်စုပေါင်း ၁၀,၁၅၇ ရေဘေးသင့်ခဲ့ပြီး Muang ခရိုင်တွင် ရေကြီး၊ မြေပြိုမှုများကြောင့် လူ ၁၃ ဦးသေဆုံးက ၁၉ ဦးဒဏ်ရာရခဲ့သည်။ နန်ပြည်နယ်သည် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ရေကြီးခြင်းဖြစ်ပြီး နန်မြစ်ရေသည် ဆက်လက်ကျဆင်းနေသောကြောင့် သောကြာနေ့ညပိုင်းမှစကာ ရေလွှမ်းမိုးမှုများ လျော့ပါးစပြုလာပြီဖြစ်သည်။

ဝန်ကြီးချုပ်သည် ဖြူထိုင်းပါတီမှ အမတ်များနှင့်အတူ ရေဘေးသင့် ဧရိယာများရှိ ပြည်သူများထံ လှေတစ်စီးဖြင့် သွားရောက်ခဲ့ပြီး အစားအစာများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ရေလွှမ်းမိုးမှုများဖြစ်နေစဉ်အတွင်း လျှပ်စစ်အန္တရာယ်မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်မှုအဖြစ် ပြည်နယ် လျှပ်စစ်အာဏာပိုင်အဖွဲ့က မီးဖြတ်ထားသည်ဟု သိရသည်။

ရေကြီးရေလျှံမှုကာလအတွင်း ဒေသခံများအနေဖြင့် လျှပ်စစ်ဓါတ်အား အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု မစ္စ ပေတုံတန်က ပြောဆိုသည်။

ဒေသခံများက မိမိတို့ကို တွေ့ရ၍ ဝမ်းသာနေကြကြောင်း၊ သူတို့ကို အားပေးနှစ်သိမ့်မှုတွေလုပ်ခဲ့ကြောင်းနှင့် အစိုးရသစ်က တရားဝင်တာဝန်ယူပြီးသည်နှင့် သူတို့ကို အရေးပေါ်အစီအမံများဖြင့် အမြန်ဆုံးအကူအညီပေးသွားမည်ဖြစ်ကြောင်း သူက ပြောဆိုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here