မန္တလေးတွင် ဓာတ်ဆီပြင်ပဈေးနှုန်းများ တဖြည်းဖြည်း ကျဆင်းလာ

0
87

မန္တလေးမြို့ရှိ စက်သုံးဆီ အရောင်းဆိုင်အများစုတွင် စက်သုံးဆီများ လိုအပ်သလောက် အကန့်အသတ်မရှိ ရောင်းချပေးလာနိုင်ရာ ဓာတ်ဆီပြင်ပဈေးနှုန်း ဆက်တိုက်ကျဆင်းလာကြောင်း မြို့ခံယာဉ်ပိုင်ရှင်များထံမှ သိရသည်။

မန္တလေးမြို့တွင် စက်သုံးဆီရရှိရေး အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူရခြင်းမျိုး မရှိတော့သောကြောင့် စက်သုံးဆီအရောင်းဆိုင်ကြီးများရှေ့တွင် တန်းစီနေသည့် ကားတန်းရှည်နှင့် ဆိုင်ကယ်တန်းရှည်များကို မတွေ့ရတော့ဘဲ အချို့ဆိုင်များတွင်သာ အချိန်အနည်းငယ် စောင့်ဆိုင်းနေရသည်များသာ ရှိတော့ကြောင်း သိရသည်။

ယခင် ရက်ပိုင်းများက စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် အကန့်အသတ်ဖြင့်သာ ရောင်းချပေး၍ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူခဲ့ရစဉ် ပြင်ပဈေးကွက်အတွင်း ဓာတ်ဆီ တစ် လီတာလျှင် ကျပ်တသောင်းဝန်းကျင်အထိရှိခဲ့သော်လည်း လက်ရှိတွင် တစ်လီတာ ကျပ် ၄၀၀၀ ဝန်းကျင်သာရှိ‌တော့ကြောင်း သိရသည်။

ပြည်ပမှစက်သုံးဆီများ အဆက်မပြတ်ဝင်ရောက်လျက်ရှိပြီး ကောလဟလများကြောင့် အများပြည်သူများ လိုအပ်သည်ထက်ပိုမို၍ ဝယ်ယူမှုများပြားခဲ့ရာ လိုအပ်သလောက်သာ ဝယ်ယူကြရန်နှင့် အရေးကြီး အသုံးများသည့် အရောင်းဆိုင်များသို့လည်း ပုံမှန်ဖြန့်ဖြူးမှုထက် ပိုမိုဖြန့်ဖြူးပေးလျက်ရှိကြောင်း ကော်မတီမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဩဂုတ် (၂၆)ရက် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သည့် ရည်ညွှန်းလက်လီဈေးနှုန်းများအရ မန္တလေးမြို့တွင် 92 တစ် လီတာ (၃၀၅၅) ကျပ်၊ 95 တစ်လီတာ (၃၁၉၅) ကျပ် ပေါက် ဈေးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here