အစိုးရအနေဖြင့် ပညာရည်မြင့်မားရေး အလေးပေးဆောင်ရွက်လျက်ရှိကြောင်း နစက ဥက္ကဋ္ဌပြောကြား

0
70

နစကအစိုးရအနေဖြင့် ပညာတတ် လူသားအရင်းအမြစ်များဖြင့် တိုင်းပြည်၏ အနာဂတ်ကို တည်ဆောက်နိုင်ရေးအတွက် ပညာရေးကို အားပေးဆောင်ရွက်နေကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ယနေ့ ဩဂုတ်လ (၂၆)ရက် နံနက်ပိုင်းက မန္တလေး ပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်ကာ ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ကိုဗစ် – ၁၉ ရောဂါ ဖြစ်ပွားချိန်နှင့် နိုင်ငံရေးအခက်အခဲ၊ အကြပ်အတည်းများကြား၌လည်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှု အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ၎င်းကဆိုသည်။

အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို အင်တိုက် အားတိုက်ဆောင်ရွက်ပေးလျက်ရှိပြီး သင်ကြားရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ကျောင်းနေသူများ အားလုံး အတန်းပညာများ အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးရန် လိုအပ်ကြောင်းလည်း နစက ဥက္ကဋ္ဌက သတိပေး ပြောကြားခဲ့သည်။

ပညာဆိုသည်မှာ စာပေသင်ကြားခြင်းသာမက အသိပညာ၊ အတတ်ပညာများလည်း ပါဝင်ကြောင်း၊ လေးနှစ်ကာလအတွင်း စနစ်တကျသင်ယူသွားမည်ဆိုပါက မီးအလင်းရောင်နှင့်တူသည့် ပညာများကို ရရှိမည်ဖြစ်ကြောင်း မန္တ လေး ပညာရေးဒီဂရီကောလိပ်တွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများကို နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် သင်တန်းပြီးဆုံး၍ တာဝန်ထမ်းဆောင်ရာတွင်လည်း စာပေဖတ်မှတ် လေ့လာခြင်းများကို ဆက်လက်ဆောင်ရွက်သွားပြီး မိမိတို့ တာဝန် ထမ်းဆောင်ရသည့် ပတ်ဝန်းကျင်ကိုပါ အလင်းရောင်နှင့် လမ်းကြောင်းမှန်ကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များကို သင်ခန်းစာဖော်ထုတ် ရယူ၍ အနာဂတ်နိုင်ငံတော်ကို ပညာရေးဖြင့် ပုံဖော်တည်ဆောက်ကြရမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုကောလိပ်မှ သင်ကြားပေးသည့် အသိပညာ၊ အတတ်ပညာများကို အမှန်တကယ်တတ်မြောက်အောင် လေ့လာသင်ယူ၍ မိမိတို့၏ ဘဝတလျှောက် အောင်မြင်တိုးတက်စေရေး၊ နိုင်ငံတော်၏ ပညာရေးမြှင့်တင်မှုအခန်းကဏ္ဍတွင် တစ်တပ်တစ်အား ပါဝင်နိုင်ကြစေရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားသွားသည်။

ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီးတို့က မန္တလေး ပညာရေးဒီဂရီကောလိပ် စာကြည့်တိုက်အတွက် လူထုသိပ္ပံ ကျမ်းများ၊ သုတ ရသစာအုပ်စာစောင်များ၊ သင်ထောက်ကူပြုပစ္စည်းများကို ပေးအပ် လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here