ပြည်သူ့အသက်အိုးအိမ် စည်းစိမ် လုံခြုံရေး အတွက် နစက ဥက္ကဌ ပြောကြားမှုများ

0
256

ပြည်သူ့အသက်အိုးအိမ် စည်းစိမ်များ လုံခြုံရေး နယ်မြေတည်ငြိမ်အေးချမ်းအောင်စနစ်တကျဆောင်ရွက်ရန် လိုအပ်သည်ဟု နိုင်ငံတော်စီမံအုပ်ရေးကောင်စီ ဥက္ကဋ္ဌတပ်မ‌တော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့အပြင် ပြည်သူ့စစ်များ၊ စစ်မှုထမ်းဟောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေလုံခြုံတည်ငြိမ်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်သည့်အပြင် လမ်းပန်းဆက်သွယ်မှုများလုံခြုံချောမွေ့ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရာတွင် ရေရှည်အတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ယနေ့ ဩဂုတ်(၂၆)ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာဆောင်ရွက်ထားရှိမှုများအား သွားရောက်စစ်ဆေးစဉ် ထို့သို့ မှာကြားခဲ့ခြင်းဖြစ်သည်။

ထို့အတူ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်များတိုးတက်စေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်သည့် သတင်းများ စဉ်ဆက်မပြတ်ရရှိရေး ဆောင်ရွက်ရန်လိုအပ်မှုနှင့် အခြားနယ်မြေဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာများ နှင့်ပတ်သက်၍ လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် မန္တလေးနန်းမြို့အတွင်းရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့သွားရောက်၍ ဆေးကုသမှုခံယူနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုသွားရောက်တွေ့ဆုံ၍အားပေးစကားပြောကြားခဲ့သည်။

ထို့သို့ တွေ့ဆုံရာ၌ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ ကျန်းမာရေးအခြေအနေအား
တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ အားပေးစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။

အလားတူ နစကဥက္ကဌ၏ ဇနီးနှင့် အဖွဲ့ဝင်များသည်လည်း ဆေးရုံအမျိုးသမီးကုသဆောင်၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား လိုက်လံကြည့်ရှုအားပေး စကားပြောကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်သည်။

ထို့နောက် ဆေးရုံလိုအပ်ချက်များအား မေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း တပ်မ‌တော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ကြည်း၊ ရေ၊ လေညှိနှိုင်းကွပ်ကဲရေးမှူးများလိုက်ပါ၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကိုတစ်ဆက်တည်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here