တရုတ်ထောက်လှမ်းရေးလေယာဉ် ဂျပန် ဝေဟင်ပိုင်နက်ထဲဝင်ရောက်

0
247

တိုကျို၊ဩဂုတ် ၂၆

တရုတ်နိုင်ငံမှ ထောက်လှမ်းရေးလေယာဉ်တစ်စီးသည် ဂျပန် ဝေဟင်ပိုင်နက်ထဲသို့ ပထမဆုံးအကြိမ် ချိုးဖောက်ဝင်ရောက်လာကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ကြေငြာခဲ့သည်။

တရုတ်စစ်တပ်ပိုင် Y – 9 လေယာဉ်တစ်စီးသည် နာဂါဆကီမြို့အနောက်တောင်ဘက် အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းငယ်များစုနေသည့် ဒန်ဂျိုကျွန်းစုကမ်းလွန်ပင်လယ်ပြင်၌ ပျံသန်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး ယခုဝင်ရောက်မှုသည် တရုတ်စစ်လေယာဉ်၏ ပထမဆုံးချိုးဖောက်ဝင်ရောက်မှုဖြစ်ကြောင်းလည်းသိရှိရသည်။

ဂျပန်၏လေကြောင်းကာကွယ်ရေးတပ်မှ F – 15 နှင့် F – 2 တိုက်လေယာဉ်များသည် တရုတ်လေယာဉ်ကို သတိပေးရန် အရေးပေါ်ပျံတက်ခဲ့ရပြီး ယခုဝင်ရောက်မှုတွင် တရုတ်ဘက်မှ မည်သည့်လက်နက်ကိုမျှ အသုံးပြုခဲ့ခြင်းမရှိဘဲ ဂျပန်လေပိုင်နက်ထဲတွင် နှစ်မိနစ်ခန့်ပျံသန်းခဲ့သည်ဟုလည်းသိရသည်။

ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာဆာတာကာ အိုကာနိုကမူ တိုကျိုမြို့ရှိ တရုတ်သံရုံးမှ သံအမတ်ကြီးကို ဆင့်ခေါ်ကာ အလားတူဖြစ်ရပ်မျိုးထပ်မဖြစ်စေရန် သတိထားဖို့ ခေါ်ယူသတိပေးခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထံ စာပို့ကာ သံတမန်နည်းလမ်း အတိုင်းကန့်ကွက်ခဲ့သည်ဟုသိရသည်။ယခုဖြစ်ရပ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံဘက်မှ တရားဝင်ထုတ်ဖော်အသိပေးပြောကြားလာခြင်းမျိုးလည်းမရှိသေးကြောင်းသိရသည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here